ဘင်္ဂါလီတွေအရေးမှာ ဘင်္ဂလားဒေ့ရှ် ပူးပေါင်းဆောင်ရွက်မှုမရှိဘူးလို့ အတိုင်ပင်ခံရုံးဝန်ကြီးဆို

တိုကျို၊ ဇွန်-၁-၂၀၁၉

မျိုးဆက် (VOM)

 

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေကို ပြန်လည်နေရာချထားပေးရေးနဲ့ နေထိုင်သူအဖြစ် အသိအမှတ်ကဒ်များ ထုတ်ပေးရေးအတွက် မြန်မာနိုင်ငံရဲ့ အားထုတ်ကြိုးပမ်းမှုတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပူးပေါင်းလုပ်ဆောင်တာမရှိဘူးလို့ ဂျပန်နိုင်ငံကိုရောက်ရှိနေတဲ့ နိုင်ငံတော်အတိုင်ပင်ခံရုံး ပြည်ထောင်စုဝန်ကြီး ဦးကျော်တင့်ဆွေက မေ ၃၁ ရက်မှာ ပြောဆိုလိုက်ပါတယ်။

 

ဦးကျော်တင့်ဆွေဟာ ဂျပန်နိုင်ငံ တိုကျိုမြို့မှာ ကျင်းပတဲ့ ၂၅ ကြိမ်မြောက် အာရှဒေသ အနာဂါတ်ဆိုင်ရာ နိုင်ငံတကာ ညီလာခံ တက်ရောက်နေချိန်မှာ ဘင်္ဂါလီတွေ ပြန်လည်နေရာချထားရေးဆိုင်ရာနဲ့ပတ်သက်ပြီး အခုလို ထုတ်ဖော်ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်ကနေ ထွက်ပြေးသွားတဲ့ ဘင်္ဂါလီတွေနဲ့ လူနည်းစုတိုင်းရင်းသားတွေ ပြန်လည်နေရာချ ထားရေးရည်ရွယ်ပြီး ၂၀၁၇ ခုနှစ်မှာ နှစ်နိုင်ငံလက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်ကို ဘင်္ဂလားဒေ့ရှ်ဘက်က လေးစားလိုက်နာမှုမရှိဘူးလို့ သူက ဝေဖန်ပြောဆိုပါတယ်။

 

ပြန်လည်လက်ခံရေးအစီအစဉ်ကို ၂၀၁၈ ခုနှစ် ဇန်န၀ါရီလမှာ ပြန်လည်စတင်သင့်ပေမယ့်လည်း လက်ရှိအချိန်အထိ တရားဝင်လမ်းကြောင်းကနေ ဘင်္ဂါလီတဦးတယောက်မှ ပြန်လည်ဝင် ရောက်ခဲ့တာမရှိဘူးလို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။

 

လူ ၂၀၀ လောက်ကတော့ အလွန်ခက်ခဲတဲ့ ခရီးလမ်းကြောင်းကတဆင့် ဘင်္ဂလားဒေ့ရှ်ကနေ သူတို့ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဘင်္ဂလားဒေ့ရှ်ဘက်ခြမ်းက ကော့ဘဇားဒေသမှာရှိတဲ့ နယ်စပ်မှာ ဘင်္ဂါလီတွေအပြင် ဟိန္ဒူဘာသာဝင် ၄၄၄ ဦး ပိတ်မိနေပြီး မြန်မာဘက်က တရားဝင်တောင်းဆိုမှုတွေလုပ်ခဲ့ပေမယ့် အဲဒီဟိန္ဒူဘာသာဝင်တွေကို ဘင်္ဂလားဒေ့ရှ်အစိုးရက ပြန်လွှတ်မပေးဘူးလို့ ပြောပါတယ်။

 

မြန်မာနိုင်ငံအနေနဲ့က နိုင်ငံအတွင်းမှာ နေထိုင်ဖူးသူအဖြစ် အသိအမှတ်ပြုထားတဲ့ မှတ်ပုံတင်တွေနဲ့အတူ ပြန်လည်ဝင်ရောက်လာသူအားလုံးကို လက်ခံဖို့ အဆင်သင့်ရှိနေသလို နိုင်ငံသားအဖြစ် လျှောက်ထားခွင့်ရှိသူတွေကိုလည်း လမ်းဖွင့်ပေးထားတယ်လို့ ဦးကျော်တင့်ဆွေက ပြောပါတယ်။

Ref: Nikkei

Photo : Yuki Nakao

 

#voiceofmyanmar # ဘင်္ဂါလီတွေအရေးမှာဘင်္ဂလားဒေ့ရှ်ပူးပေါင်းဆောင်ရွက်မှုမရှိ # အတိုင်ပင်ခံရုံးဝန်ကြီး  #တိုကျို  #မြန်မာ

Related posts

Leave a Comment

VOM News

FREE
VIEW