ပေါ်ပြူလစ်ဇင် နဲ့ ၀ ၊ ကိုးကန့် ၊ ရခိုင်မြောက်ပိုင်းအရေး

ဇွန် – ၄ -၂၀၁၉

စိုင်းထွန်းအောင်လွင်

 

 

ပေါ်ပြူလစ်ဇင်တွေရဲ့ ထူးခြားချက်တွေထဲမှာ စစ်ပွဲ ဆင်နွှဲလိုတဲ့ အလေ့အထ အထုံရှိခြင်းလည်း ပါဝင်ပါတယ်။ လူထု လူမှုစီးပွား အခြေအနေ တိုးတက်ဖို့၊ ကျန်းမာရေး ကောင်းမွန်အောင်လုပ်ဖို့ လူထုဘ၀ သာယာဖို့ စသဖြင့် လူထုကို ပါးစပ်ကမချဘဲ ဟောပြောစည်းရုံးလေ့ရှိတဲ့ အလေ့အထကလည်း ပေါ်ပြူလစ်ဇ်ဝါဒီတွေရဲ့ အလေ့အထတွေထဲ ပါဝင်ပါတယ်။

 

ပေါ်ပြူလစ်ဇင်တွေရဲ့ စစ်ပွဲဆင်နွှဲလိုတဲ့ အချိန်အခါ၊ အကြောင်းအရင်းတွေကို ကြည့်ရင် နိုင်ငံရေး၊ စီးပွားရေးအရ အကျပ်အတည်းတွေ့နေချိန် သူတို့ရဲ့ ဦးဆောင်မှု၊ ခေါင်းဆောင်မှု အခန်းကဏ္ဍကို လူထုကိုပြဖို့ လိုနေတာ၊ တချိန်တည်းမှာ အဲဒီ ဆင်နွှဲတဲ့စစ်ပွဲဟာ လူထုထောက်ခံမှုရနိုင်တာ၊ နိုင်ငံတကာက အာရုံလွှဲသွားနိုင်တာ စတဲ့ အကြောင်းအရာတွေအပေါ် အခြေခံလေ့ ရှိတာပါ။

 

Why Populism is Dangerous: The Propensity for War

ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်မှာတော့ ပေါ်ပြူလစ်ဇင် နိုင်ငံရေးသမားတွေ၊ ခေါင်းဆောင်တွေဟာ သတင်းတုတွေ၊ ပုံကြီးချဲ့မှုတွေကတဆင့် အကျပ်အတည်းကို အချုပ်အခြာအာဏာ ခြိမ်းခြောက်ခံရမှုသဖွယ် ပုံဖော်ပြတာ၊ နိုင်ငံမှာ တကယ်ကြုံနေရတဲ့ လူထုလူမှုစီးပွားကျပ်တည်းမှု အခြေအနေကို အာရုံလွှဲနိုင်အောင် တားမရဆီးမရ၊ မထိန်းနိုင် မသိမ်းနိုင်ဖြစ်နေတဲ့ အမျိုးသား အမှတ်သရုပ်လက္ခဏာ အကျပ်အတည်းကြုံနေရမှု သို့မဟုတ် နိုင်ငံခြားတိုင်းပြည်တွေရဲ့ ပြည်တွင်းရေးကိုစွက်ဖက်မှုအဖြစ် ပုံဖော် လမ်းလွှဲပြတာတွေ ပေါ်ပြူလစ်ဇ်တွေ လုပ်လေ့လုပ်ထရှိတဲ့ အလုပ်တွေလို့ ဖော်ပြထားပါတယ်။

 

လတ်တလော ဖတ်မိတဲ့သတင်းတွေထဲမှာ ၀(UWSA) တပ်ဖွဲ့ရဲ့ စင်ပြိုင်အစိုးရ၊ စင်ပြိုင်တပ်မတော်အဖြစ် ဆောင်ရွက်နေမှုတွေကို အစွမ်းကုန် သည်းခံနေရကြောင်းနဲ့ သည်းခံမှုက အတိုင်းအတာရှိတဲ့အကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဌ ဗိုလ်ချုပ်စိုးနိုင်ဦးက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုတာကို သတင်းမီဒီယာတွေက ပြန်လည်ဖော်ပြခဲ့တာကို သတိထားမိခဲ့ပါတယ်။

 

” ၀” စစ်ရေးပြ အခမ်းအနားမှာ လက်နက်ကိုင်ဆောင်ပြီး စစ်ရေးပြခဲ့တာရှိပါတယ်။ ဒါကြောင့်မို့လို့ စစ်ရေးပြ အခမ်းအနားကို ကြည့်ခြင်းအားဖြင့် ၀ အနေနဲ့က စင်ပြိုင်အစိုးရသဘောမျိုး၊ စင်ပြိုင်တပ်မတော်ပုံစံမျိုး ဆောင်ရွက်တာတွေ့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီအခမ်းအနားကို တပ်မတော်အနေနဲ့ တက်ရောက်ခြင်းမရှိပါဘူး။ ဒါသည်ပင်လျှင် တပ်မတော်အနေနဲ့ အဆုံးစွန် သည်းခံထားတဲ့ အနေအထားဖြစ်တယ်လို့ ဖြေကြားချင်ပါတယ်။” လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်ချုပ်စိုးနိုင်ဦးက ပြောဆိုသွားတာပါ။

 

သတင်းထောက်တွေက ‘၀’ တပ်ဖွဲ့နဲ့ ပတ်သက်လို့ ထပ်မံမေးမြန်းရာမှာလည်း ဗိုလ်ချုပ် စိုးနိုင်ဦးက “ကျနော်တို့အနေနဲ့ ၀နဲ့ပတ်သက်ပြီး အစွမ်းကုန် သည်းခံထားပြီးဖြစ်တယ်လို့ ဖြေထားပြီး ဖြစ်ပါတယ်။ ငြိမ်နေတာမဟုတ်ဘူး၊ သွားလည်း မတက်ဘူး။ တပ်မတော်က ငြိမ်းချမ်းရေးလိုချင်လို့ အစွမ်းကုန် သည်းခံနေတာ။ ” လို့ ဖြေဆိုပြီး ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက ” မြန်မာစကားမှာ ရှိတယ်။ သည်းခံတယ်ဆိုတာ အတိုင်းအတာတစ်ခုရှိတာပေါ့ဗျာ။” လို့ ဖြေဆိုသွားခဲ့တာပါ။

လေယာဉ်ပစ်၊ ပုခုံးထမ်း မစ်ဆိုင်းတွေအပါအ၀င် ခေတ်မှီလက်နက်တွေ ခင်းကျင်းပြသခဲ့တဲ့ ၀ ရဲ့ စစ်ရေးပြအခမ်းအနားဟာ ၀ ဒေသရဲ့ အခွင့်အရေးအတွက် ၀ တပ်ဖွဲ့အနေနဲ့ သူ့ရဲ့အင်အားတွေကို ထုတ်ပြတာ ဖြစ်တယ်ဆိုတဲ့ အကဲဖြတ်ချက်တွေလည်း ရှိပါတယ်။

 

နှစ်ပေါင်း ၃၀ လောက် တိုက်ပွဲမဖြစ်တဲ့ UWSA ၀ တပ် နဲ့ တပ်မတော်အကြား တိုက်ပွဲဖြစ်နိုင်ခြင်း၊ မဖြစ်နိုင်ခြင်း ငြင်းခုံခန့်မှန်းမှုတွေ ခဏထားပါ။ လတ်တလော တိုင်းပြည်မှာ ကြုံနေရတဲ့ အခြေအနေ၊ နိုင်ငံရေးနောက်ခံနဲ့ ခေါင်းဆောင်မှုဆိုင်ရာ လေဟာနယ် အခင်းအကျင်းတွေကို ခန ဆက်စပ်လေ့လာကြည့်ရအောင်ပါ။

 

တကယ်တော့ ဗဟိုပါဝါကိုင်ထားသူ နှစ်စု၊ နှစ်ဖွဲ့လိုဖြစ်နေတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၀ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ နိုင်ငံရေးအရ အားပြိုင်မှုတွေဟာ ဗဟိုပါဝါကိုင်ထားသူ နှစ်စုအကြားမှာကိုပဲ ပိုမိုမြင်တွေ့လာရတာပါ။

 

တိုင်းပြည်မှာ ကြုံရတဲ့ နိုင်ငံတကာဖိအား၊ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးလိုကိစ္စတွေအပြင် ၂၀၂၀ နိုင်ငံရေး ရည်မှန်းချက်နဲ့များသက်ဆိုင်မလား တွက်ဆကောင်း တွက်ဆနိုင်ပါတယ်။ ၂၀၁၈ ခုနှစ်က တပ်မတော်အရာရှိဟောင်းလည်းဖြစ်၊ ပြန်ကြားရေးဝန်ကြီးဟောင်းလည်းဖြစ်တဲ့ ဦးရဲထွဋ်ရဲ့ ဆောင်းပါးကို ကြည့်မယ်ဆိုရင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အနေနဲ့ ၂၀၂၀ အလွန် အခင်းအကျင်းမှာ သမ္မတအဖြစ် မျှော်မှန်းပြင်ဆင်လာဖွယ် ရှိနေတယ်ဆိုတဲ့ ဖော်ပြချက်တွေနဲ့ နိုင်ငံတကာမှာ ကြုံနေရတဲ့ ဖိအား၊ ကိုယ်ရေးကိုယ်တာ လုံခြုံမှုတွေကိုပါ ထည့်တွက်ဖို့ လိုလာပါလိမ့်မယ်။

 

၂၀၁၆ ခုနှစ်ကနေ ၂၀၁၉ ခုနှစ်အတွင်း အရပ်ဘက်၊ စစ်ဘက် ဆက်ဆံရေးမှာ အဓိကကျတဲ့ ဒေါက်တိုင် နှစ်တိုင်ဖြစ်တဲ့ နိုင်ငံတော်နဲ့ စစ်တပ်တို့ရဲ့ ဆက်ဆံရေးကို ပြန်ကြည့်ရင် ၂၀၀၈ အခြေခံ ဥပဒေပါ ပြဌာန်းချက်အောက်မှသာ လုပ်ဆောင်ခြင်း ဖြစ်နေပါတယ်။

 

State နိုင်ငံတော်လို့ သုံးတဲ့အထဲမှာတောင် ခေတ်သစ်နိုင်ငံတော် ဖွင့်ဆိုမှုဖြစ်တဲ့ အစိုးရနဲ့လူထုအကြား လူမှုပဋိပဥာဉ်လိုဟာမျိုး မပါတဲ့အတွက် အစိုးရနဲ့စစ်တပ် ဆက်ဆံရေးလို့သာ ဆိုရမှာပါ။ ဇိုလ်တန်ဘရန်နီ အဆိုအရတော့ ခေတ်သစ် အရပ်ဘက် – စစ်ဘက်ဆက်ဆံရေးမှာ နိုင်ငံတော်၊ စစ်ဘက်နဲ့ အရပ်ဘက်ဆိုင်ရာ  အစုအဖွဲ့ စသဖြင့် ၃ ပွင့်ဆိုင် ဆက်ဆံရေးလို့ ဖွင့်ဆိုထားတာကြောင့်ပါ။ ခြေဥ ပြင်ဆင်ရေးလို ဥပဒေပြင်ပ ကိစ္စတွေ ကြုံလာတော့ ဗဟိုကိုင်ထားတဲ့ အုပ်စုနှစ်စုအကြား ဟန်ချက် စည်းနရီဟာ သိပ်မမှန်ချင်တော့ပါ။

 

စာရေးသူရဲ့ မိတ်ဆွေဖြစ်သူ ကိုရဲ (တကောင်းနိုင်ငံရေး လေ့လာမှု သုတေသန အဖွဲ့) ရဲ့ ၂၀၁၈ ခုနှစ်တုန်းက လူမှုကွန်ရက်ပိုစ့်မှာဆိုရင် “ ဦးနေဝင်းကို “ပေါ်ပြူလစ်”ရှုထောင့်က လေ့လာကြည့်ရင် သိပ်စိတ်ဝင်စားဖို့ကောင်းမယ်။ ကိုယ့်အမြင်အရတော့ ဗိုလ်နေဝင်းဟာ အကြီးစားပေါ်ပြူလစ်ပဲ။ ဦးနုလည်း ပေါ်ပြူလစ်ပါပဲ။ ဒါပေမယ့် ဦးနေဝင်းက”ရှေးရိုးဆွဲမှု၊ စစ်အာဏာရှင်စနစ်၊ ဆိုရှယ်လစ်ဝါဒ”နဲ့ ပေါ်ပြူလစ်ဖြစ်မှုကို ရောသမမွှေပြီး နိုင်ငံရေးအစဉ်အလာတစ်ခုကို မြန်မာ့နိုင်ငံရေးမှာ အုတ်မြစ်ချခဲ့တယ်။ ဒီအစဉ်အလာက သိပ်ကြီးတယ်။ ခုထိ မြန်မာ့နိုင်ငံရေးမှာ ဒီအစဉ်အလာစွဲနေတုန်းလို့ မြင်တယ်။” လို့ ရေးထားခဲ့ပါတယ်။

 

စစ်တပ်ထောက်ခံပွဲတွေလုပ်တာ၊ မီဒီယာတွေကို ကိုယ်တိုင်တွေ့တာ၊ ကြော်ငြာလို ကိစ္စတွေ ကမ်းလှမ်းတာ၊ လက်ခုပ်သံကြိုက်တာ၊ ၀ါဒဖြန့်ချိရေးအလေးပေးတာ၊ လူအများစု ဖြစ်တည်တည်ရှိမှုနဲ့ ကိုးကွယ်တဲ့ဘာသာကို အလေးပေးတဲ့ အမျိုးသားရေးဝါဒကို စွဲကိုင်တာ စသဖြင့် တွက်လိုက်ရင် တပ်ချုပ် မင်းအောင်လှိုင်ကိုယ်တိုင်လည်း ပေါ်ပြူလစ် စာရင်းထဲ သေချာပေါက်ဝင်မှာ ဖြစ်ပါတယ်။

 

နိုင်ငံတကာ အခန်းကဏ္ဍတွေကို ဆန့်ကျင်တာ၊ နိုင်ငံရေးသဘောအရ သက်ဝင်မှုကို လျှော့ချ ပုံဖျက်ဖို့ ကြိုးစားတာ၊ နိုင်ငံရေး အီလိတွေကို ဆန့်ကျင်တာ၊ လစ်ဘရယ်နဲ့ ဂလိုဘယ်လိုက်ဇ်ဇေးရှင်းကို ဆန့်ကျင်တာလည်း ပေါ်ပြူလစ်ဇ်တွေရဲ့ လက္ခဏာတွေပဲလို့ ကိုလံဘီယာတက္ကသိုလ်က ပါမောက္ခ နာဒီယာ အာဘာာနာာဒီက ပြောဖူးပါတယ်။

 

ပေါ်ပြူလစ်တွေနဲ့ စစ်ပွဲတွေက သူတို့ရဲ့အခန်းကဏ္ဍ လိုအပ်ကြောင်းပြသလိုချိန် ရပ်တည်မှုဆိုင်ရာ အကျိုးစီးပွားအရဆိုတဲ့ ကိစ္စတွေဆိုပြီး အထက်မှာ ဖော်ပြခဲ့ဖူးပါတယ်။

 

စစ်တပ်အဖို့ ဒီဘက်ခေတ်ကို ပြန်ကြည့်ရင် လက်ခုပ်သံရခဲ့တဲ့ကာလက ၂၀၁၅ တကျော့ပြန် ကိုးကန့်တိုက်ပွဲ ဖြစ်နေတာ တွေ့ရမှာပါ။ နယ်စပ်ထိစပ်နိုင်ငံရဲ့ အောက်ခြေ တာဝန်ရှိသူတွေနဲ့ နောက်ဖေးပေါက်ဆက်ဆံရေး ရှိကောင်းရှိနိုင်ခဲ့တဲ့ အဲဒီလိုကိစ္စမှာ အချုပ်အခြာအာဏာ ထိပါးမှုကို ဇွတ်အော်ပြပြီး တရုတ်ဆန့်ကျင်ရေး အသွင်သဖွယ် ဖြစ်ခဲ့တာလည်း အားလုံး အသိပဲဖြစ်ပါတယ်။

 

သာမန်တိုင်းရင်းသားတွေနဲ့ ပတ်သက်လို့ ပြည်မနေ မဂျော်ရတီ အများစုဟာ သိပ်အပြစ်မမြင်ပေမယ့် တရုတ်စာသုံးတဲ့ ကိုးကန့်လို တိုင်းရင်းသားလိုကိစ္စ၊ တရုတ်နဲ့ပဲ ကူးလူးဆက်ဆံမှုများတဲ့ ၀ လိုကိစ္စတွေမှာတော့ အမြင်သဘောထားကျယ်ကျယ် ထားနိုင်ကြဖို့ ခက်နိုင်တယ်ဆိုတာ အလွယ်တကူ သုံးသပ်လို့ ရနိုင်ပါတယ်။ ရခိုင်မြောက်ပိုင်းက မွတ်ဆလင်( ရိုဟင်ဂျာ )ကိစ္စလိုမျိုးဆို ပိုဆိုးနိုင်ပါတယ်။

 

တကယ်တော့ ၀ အရေးဟာ အခုမှတော့ ဖြစ်နေတာတော့ မဟုတ်ပါဘူး။ စစ်လက်နက်နိုင်ငံငယ်လေးသဖွယ် ရောက်နေပြီဖြစ်တဲ့ ၀ ဒေသဟာ မခွဲထွက်ဘူး အော်နေပေမယ့် ဗဟိုအစိုးရရဲ့ အချုပ်အခြာအာဏာက ဘယ်လ်ဂျီယံနိုင်ငံထက်တောင် ကျယ်နေပြီဖြစ်တဲ့ ၀ ဒေသမှာ မရှိပါ။ ကုန်ကုန်ပြောရရင် ၀ အရေးဟာ စစ်အစိုးရ အပါအ၀င် အုပ်စုအဆက်ဆက်ရဲ့ တွက်ကိန်းလွှဲ ငြိမ်းချမ်းရေးဖြစ်စဉ် ပြယုဂ် တနည်းအားဖြင့် မူဝါဒ ကျဆုံးမှုကတဆင့် တန်ပြန် Backfired မူဝါဒအဖြစ် ပေါ်ထွန်းလာခဲ့တဲ့ ဒေသဖြစ်နေတာပါ။

 

ဝ နဲ့ ပတ်သက်လို့ ၂၀၁၀ ခုနှစ် နယ်ခြားစောင့် ပြည်သူ့စစ်အသွင်ပြောင်းရေးဖိအားပေးမှု ကာလနောက်ပိုင်းမှာ စစ်တပ်က ဒီအတိုင်းတော့ ကြည့်နေခဲ့တာတော့ မဟုတ်ပါဘူး။ ၂၀၁၁ ခုနှစ်လောက်က မြောက်ပိုင်းမှာ အဓိကအဖွဲ့တွေအဖြစ် ကေအိုင်အေ ၊ SSPP ၀မ်ဟိုင်း ၊ ၀ ၊ မိုင်းလား တို့သာ ရှိသေးချိန်မှာ ၂၀၀၉ ကိုးကန့်ကို ဖြိုခွင်းနိုင်ခဲ့တဲ့ စစ်တပ်ဟာ ကေအိုင်အေနဲ့ SSPP ကိုတိုက်ရင်း ၀ နယ်နဲ့ ကျန်အဖွဲ့တွေရဲ့ နယ်နိမိတ်တွေမှာ တပ်တွေ တိုးချနိုင်အောင်လုပ်တာ၊ ၀ နဲ့ ကျန်အဖွဲ့တွေရဲ့ နယ်နိမိတ်နားက တိုင်းရင်းသားတပ်ဖွဲ့တွေရဲ့ စခန်းတွေကို စစ်ဆင်ရေးထိုးတာတွေ (အထူးသဖြင့် ၀ နဲ့ နယ်ချင်းစပ်နေတဲ့ သံလွင်မြစ် အနောက်ဘက်ခြမ်းက ၀မ်ဟိုင်း SSPP ) စိုးမိုးနယ်မြေတွေကို ဖိအားပေးခဲ့တာပါ။

 

တချိန်တည်းမှာလည်း ရှမ်းအရှေ့မှာ လားဟူတို့လို ၀ တပ်ဖွဲ့နဲ့ သိပ်မတည့်တဲ့ လူမျိုးစုတွေကို ပြည်သူ့စစ် နယ်ခြားစောင့်တပ်ဖွဲ့တွေ ဖွဲ့ပေးတာတွေ လုပ်ခဲ့ပါတယ်။ နောက်ပြီး အစိုးရထိန်းချုပ်ထားတဲ့ ၀ နယ်မြေနှစ်ခုဖြစ်တဲ့ ဟိုပန်၊ မက်မန်းလိုနေရာတွေမှာ လုံခြုံရေးဖြည့်တင်းတာတွေ၊ စစ်အင်အားတိုးချဲ့တာတွေကို ကေအိုင်အေ၊ SSPP ကို တိုက်နေရင်း လုပ်ခဲ့တာပါ။

 

ဝ ကတော့ တရုတ်ရဲ့ ကြားဝင်မှုနဲ့ ဦးသိန်းစိန် အစိုးရနဲ့ ၂၀၁၁ နှစ်ကုန်ပိုင်းမှာ ယခင် တဖွဲ့ချင်း အပစ်ရပ်စာချုပ်ကို ထပ်မံသက်တမ်းတိုးချုပ်တာတွေ လုပ်ခဲ့ပေမယ့် စစ်ရေးသတိကတော့ အမြဲရှိနေခဲ့ပါတယ်။ ဒါကြောင့်ပဲ ဘောလုံးကို သူ့ဂိုးတိုင်ဘက် အလာမခံတဲ့ ၀ တပ်ဖွဲ့ဟာ သူကိုယ်တိုင်လည်း အားဖြည့်ရင်း အခြားအဖွဲ့တွေကို အားဖြည့်ပေးလိုက်၊ ဘောလုံးကို တခြားလူဆီကန်ပေးလိုက်နဲ့ အချိန်ဆွဲလာခဲ့တာ အခု ၂၀၁၉ ခုနှစ်လောက်အထိ ရောက်လာခဲ့တာဖြစ်ပါတယ်။

 

အရင်က ကေအိုင်အေ ၊ SSPP ကို ဖိအားပေးပြီးရင်လို့ တွက်ခဲ့ပေမယ့် ကြားထဲမှာ UWSA ရဲ့ မဟာမိတ်တွေဖြစ်တဲ့ MNDAA ကိုးကန့်၊ တီအန်အယ်လ်အေ၊ အေအေ တို့ဟာ အားကောင်းလာတဲ့အတွက် ဘောလုံးဟာ တနေရာထဲ တဘက်ထဲမှာမဟုတ်တော့ဘဲ ဟိုဘက်ရောက်လိုက် ကွင်းရဲ့ တခြားထောင့်ကိုရောက်လိုက်နဲ့  ဆိုသလိုပဲ တဘက်သတ် ကွင်းတခြမ်းထဲမဟုတ်တော့တဲ့ အခြေအနေကို ရောက်လာခဲ့တာပါ။

 

စစ်တပ်အနေနဲ့လည်း ရန်သူကို တပြိုင်နက်တည်း မတိုက်လိုမှုကို ရွေးခဲ့ရာမှာ အကျိုးစီးပွားအရ ပိုများတဲ့ဘက်၊ အားနည်းတဲ့ဘက် စသဖြင့် ရွေးချယ်ပြီး ၂၀၁၁ ခုနှစ်က ကေအိုင်အို၊ လူ ၁၅၀၀ လောက်သာ ရှိတဲ့ SSPP ၀မ်ဟိုင်းတို့ကို တိုက်ခဲ့သလား စဉ်းစားစရာဖြစ်ပါတယ်။ အဲဒီနှစ်ဖွဲ့စလုံးက အဲဒီကာလတုန်းက မူဆယ်လမ်း၊ ပိုက်လိုင်းနယ်မြေနဲ့ ကျောက်စိမ်း နယ်စပ်ကုန်သွယ်ရေးလို နေရာတွေမှာ လှုပ်ရှားတာကြောင့်ပါ။

 

လစ်ဘရယ်ခေါင်းကိုင်ဖခင်ကြီးဖြစ်တဲ့ ကန့်ရဲ့ ငြိမ်းချမ်းရေးဆိုင်ရာ အကောက်အယူ အချို့ မှာတော့

ရေရှည် ထာဝရ ငြိမ်းချမ်းစေဖို့ ဆိုရင်

၁). စစ်ရဲ့ အဖျက်စွမ်းအား ပိုပြင်းလာမှု

၂). စီးပွားရေးအရ အပြန်အလှန်အမှီသဟဲ ပြုမှု

၃). လစ်ဘရယ် ဒီမိုကရေစီ ဖွံ့ဖြိုးလာမှု

လို့ ဆိုထားတာကြောင့် စစ်အစိုးရလက်ထက် တလျှောက် ၀ နဲ့ ဆက်ဆံရေးကောင်းမွန်ခဲ့မှုနဲ့ နှစ် ၃၀ ကြာ အပစ်ရပ် ခိုင်မြဲခဲ့မှုမှာ အပေါ်ကနှစ်ချက်ဖြစ်တဲ့ နှစ်ဘက် ခေတ်မှီလက်နက်တွေ ပိုင်ဆိုင်ထားမှု၊ စီးပွားရေးအရ အပြန်အလှန်အမှီသဟဲပြုမှု( သို့မဟုတ် ) အကျိုးစီးပွားဆိုင်ရာ နယ်ပယ်မှာ ကေအိုင်အေ လိုအဖွဲ့တွေ တည်ရှိတဲ့နေရာလောက် ၀ ဒေသဟာ ပြည်မအုပ်စုတွေအတွက် အရေးမပါမှုတို့ကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ နောက်တချက်က ကေအိုင်အေဟာ ယူအန်အက်ဖ်စီလို တပ်ပေါင်းစုတွေထောင်၊ နိုင်ငံရေးအရ အလံထောင်တာကြောင့်လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

 

ဝ နဲ့ စစ်တပ်အကြား နောက်ပိုင်းနှစ်တွေအတွင်း မျက်နှာပျက်စရာဖြစ်ရတဲ့ ကိစ္စဖြစ်တဲ့ မိုင်းလားနယ်ထဲ ၀ တပ်ဝင်ရောက်စီးနင်းတဲ့ ၂၀၁၆ ခုနှစ်လိုကိစ္စမှာတောင် စစ်တပ်အကြီးအကဲဟာ တရုတ်ပြည်ထဲသွားခဲ့တာကလွဲလို့ မတို့မထိနိုင်ခဲ့ပါ။

 

ဝ ကလည်း ဥစ္စာဓန အင်အားကြွယ်ဝမှုအရ အပြန်အလှန်အကျိုးရှိမှု၊ နိုင်ငံရေးသြဇာထူထောင်လိုမှုနဲ့အတူ FPNCC ဆိုပြီး မြောက်ပိုင်း ၇ ဖွဲ့ပါ မဟာမိတ်ကို ဖွဲ့ခဲ့ပေမယ့် နိုင်ငံရေးအရတော့ အခြားတိုင်းရင်းသားတွေအပေါ် ထိရောက်စွာ ဦးဆောင်ပေးနိုင်မှု မရှိသေးပါ။ ဒါပေမယ့် သူ့ရဲ့ ထူးခြားမှု၊ ပံ့ပိုးနိုင်မှု၊ စွမ်းအားတွေကြောင့် ကျန်တဲ့ တပ်ဖွဲ့တွေက ၀ ကို မျက်နှာပျက်စရာအလုပ်ဆို မလုပ်ဝံ့အောင်တောင် ဖြစ်နေတဲ့ အခြေအနေဟာ လက်ရှိအချိန်အထိကို ဖြစ်ပေါ်နေပါတယ်။

 

တစ်ခုရှိတာကတော့ ကွန်မြူနစ်ပီပီ စေ့စပ်ဆွေးနွေးရေးအပိုင်းအားနည်းတဲ့ ၀ ဟာ ရှမ်းပြည်အတွင်းမှာ လူဦးရေအရ အများဆုံးဖြစ်တဲ့ ရှမ်းလိုတိုင်းရင်းသားတွေနဲ့တော့ နိုင်ငံရေးရလဒ်အရ အဖြေထွက်အောင် မရှာနိုင်ပါ။ တကယ်လို့ UWSA ၀ တပ်ဖွဲ့သာ စစ်တပ်နဲ့ တိုက်ပွဲဖြစ်ခဲ့ရင် ၀ နဲ့ ရှမ်းတပ်ဖွဲ့တွေအကြား ကြိုတင်ညှိနှိုင်းသဘောတူထားမှု ရှိ၊ မရှိဆိုတဲ့ ကိစ္စတွေက အရေးပါလာနိုင်ပါတယ်။

 

တကယ်တော့ ၀ ဒေသမှာ ဗဟိုအစိုးရရဲ့ အချုပ်အခြာ မတည်တော့တာ ယခုခေတ်မှာမှ မဟုတ်သလို ၀ နယ် မြန်မာပြည်မြေပုံထဲ ပါလာကတည်းက ဗဟိုအစိုးရ အချုပ်အခြာအာဏာက အဲဒီဒေသတွေမှာ မသက်ရောက် ခဲ့ပါဘူး။ အခုလို အချိန်မှာ ၀ နဲ့  တပ်ဖြစ်ရင် မူးယစ်ဆေးဝါးလိုကိစ္စ၊ တရုတ်နောက်ခံလို အရေးတွေကြောင့် တိုင်းရင်းသား လူနည်းစုမဟုတ်တဲ့ ဗမာ မဂျော်ရတီ လူထုအားပေးထောက်ခံမှုက အလွယ်တကူရနိုင်တာတော့ သေချာပါတယ်။ ကိုးကန့် ပွဲတုန်းကလို အနောက်အုပ်စုကို မျက်စပြန်ပစ်ပြတာမျိုးကလည်း ၀ လိုအဖွဲ့နဲ့ဆိုရင် ဟုတ်သော်ရှိ မဟုတ်သော်ရှိ ဖြစ်ကောင်းဖြစ်နိုင်တဲ့ အရာတွေပါ။

 

လက်ခုပ်သံ ခြူလိုတဲ့ ပေါ်ပြူလစ်ဇင်တိမ်းညွတ်သူတွေအဖို့တော့ ၀ အရေး စစ်ရေးအရ ဖိအားပေးဖို့လိုကိစ္စဟာ လက်ခုပ်သံနဲ့ လတ်တလော နာမည်ရဖို့သက်သက်ဆိုရင်  မဆိုးလှတဲ့အခြေအနေမှာ ရှိကောာင်းရှိနိုင်ပေမယ့်လည်း အရင်းအနှီးကြီးကြီးပေးရမယ့် စွန့်စားရမှုမျိုးဖြစ်မှာသေချာတဲ့အပြင် မှန်းချက်နှမ်းထွက်မကိုက်တဲ့ ကိစ္စမျိုးဖြစ်လာရင် မြွေပါလည်းဆုံး၊ သားလည်းဆုံး အခြေအနေ အချိန်မရွေး ကျရောက်သွားနိုင်တဲ့ကိစ္စ ဖြစ်နေပါကြောင်း။

 

ဓါတ်ပုံ – ရွှေအင်းသား ခင်မောင်ဝင်း

 

#voiceofmyanmar # ပေါ်ပြူလစ်ဇင် နဲ့  ၀ ၊ ကိုးကန့် ၊ ရခိုင်မြောက်ပိုင်းအရေး #

 

ဆောင်းပါးပါအာဘော်များဟာ Voice Of Myanmar (VOM) ရဲ့အာဘော်မဟုတ်ဘဲ ဆောင်းပါးရှင်ရဲ့အာဘော်သာဖြစ်ပါတယ်။

Related posts

Leave a Comment

VOM News

FREE
VIEW