မြန်မာနိုင်ငံ ကာစီနိုလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံဖို့ ဟောင်ကောင်နဲ့ မကာအိုက စိတ်ဝင်စားနေ

ရန်ကုန်၊ ဇွန် – ၄ – ၂၀၁၉

သိင်္ဂီ (VOM)

 

ပြည်ထောင်စုအစိုးရ ခွင့်ပြုချက်နဲ့ ကာစီနိုလုပ်ငန်းတွေ ဖွင့်လှစ်နိုင်မယ့် လောင်းကစားဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်က အတည်ပြုပြဌာန်းပြီးနောက် မြန်မာနိုင်ငံမှာ ကာစီနိုလုပ်ငန်း ရင်းနှီးမြှုပ်နှံဖို့ ဟောင်ကောင်နဲ့ မကာအိုနိုင်ငံတွေက စိတ်ဝင်စားမှုရှိနေတယ်လို့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်က သိရပါတယ်။

 

” ဒီနိုင်ငံနှစ်ခုက မေးတယ်၊ ဒီမှာရင်းနှီးမြှုပ်နှံမှု လာလုပ်ချင်တယ်၊ ဟိုတယ်လုပ်ငန်းလုပ်ချင်တယ်။ အဓိက ကာစီနိုလုပ်ငန်းလုပ်ချင်တယ်ပေါ့။ ကာစီနိုဥပဒေကတော့ ဆွေးနွေးပြီးပါပြီ။ ဒါပေမယ့် ဟိုတယ်လုပ်ငန်းနဲ့ ကာစီနိုလုပ်ငန်းလုပ်မယ်ဆိုပြီး ဆွေးနွေးတာ။ ခွင့်တောင်းတာမျိုးတော့ မရှိသေးဘူး။ ဒီမှာက လုပ်ထုံးလုပ်နည်းတွေအရ ရင်းနှီးမြှုပ်နှံမှု စလုပ်တော့မယ်ဆိုရင် ဘယ်နေရာမှ ဘယ်လိုလုပ်မှာလဲရှိမယ်။ မြန်မာနိုင်ငံမှာက မြေနဲ့ပတ်သက်ပြီး ပိုင်းခြားထားတာတွေ ရှိနေတယ်။ “လို့ DICA ရဲ့ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးသန့်စင်လွင်က ပြောပါတယ်။

 

ဇွန်လ ၃ ရက် မနေ့က ရန်ကုန်မြို့ DICA ရုံးမှာ ပြုလုပ်ခဲ့တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ရဲ့အစည်းအဝေးအမှတ်စဉ် (၈/၂၀၁၉) အပါအဝင် ရက်သတ္တပတ်အတွင်း ခွင့်ပြုပေးခဲ့တဲ့ ရင်းနှီးမြှုပ်နှံမှုတွေနဲ့ စပ်လျဉ်းပြီး မီဒီယာတွေ တွေ့ဆုံပွဲမှာ ကာစီနိုလုပ်ငန်းနဲ့ ပတ်သက်လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

ကာစီနိုလုပ်ငန်းသာ မြန်မာနိုင်ငံမှာ အကောင်အထည်ဖော်ဖြစ်ခဲ့ပါက အဲ့ဒီဥပဒေအရ နိုင်ငံခြားသားတွေသာ ကာစီနိုလုပ်ငန်းမှာ ကစားခွင့်ရရှိမှာဖြစ်ပြီး ဟိုတယ်တိုင်းမှာ ခွင့်ပြုတာမျိုးမဟုတ်ဘဲ စနစ်တကျထိန်းချုပ်နိုင်တဲ့ နေရာတွေမှာသာ လုပ်ခွင့်ပြုဖို့လိုအပ်ပါတယ်။

 

ဒီလိုနိုင်ငံခြားသားတွေကိုသာ သီးသန့်ကစားခွင့်ပြုခြင်းကြောင့် ပြည်ပငွေစီဆင်းမှုနှုန်း မြင့်တက်လာမှာဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်း ၊ ဟိုတယ်လုပ်ငန်းဈေးကွက်လည်း မြင့်လာနိုင်တယ်လို့ ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၊ ညွှန်ကြားမှုဦးစီးဌာန၊ ပြည်တွင်းပြည်ပနှင့်သတင်းပြန်ကြားရေး ညွှန်ကြားရေးမှူး ဦးခင်မောင်စိုးက သုံးသပ်ပြောဆိုထားပါတယ်။

 

“အခွန်အကောက်ရစေချင်လို့ ပြည်သူ့အတွက် အကျိုးသက်ရောက်မှုရစေချင်လို့ လုပ်တာဆိုတော့ စနစ်တကျ စီမံခန့်ခွဲပြီးလုပ်ရမယ့် အနေအထားမှာ ရှိနေတယ်။ လူတွေက ခရီးသွားတာ၊ လည်ပတ်လေ့လာတာ သက်သက်ဆိုရင် တစ်နေရာမှာ တစ်ညအိပ်မယ်။ နောက်တစ်နေရာဆက်သွားမယ်၊ မသွားချင်ရင်ပြန်မယ်။ တကယ်လို့သာ တရားဝင်လောင်းကစားလုပ်လို့ရတယ်ဆိုရင် တစ်ညကနေ နှစ်ညလည်း တည်းနိုင်တယ်။ လရှည်ကြာထိလည်းဖြစ်နိုင်တယ်။ “လို့ ဦးခင်မောင်စိုးက ဆိုပါတယ်။

 

လောင်းကစားဥပဒေကို ပြီးခဲ့တဲ့ မေလ ဆန်းပိုင်းက ကျင်းပခဲ့တဲ့  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးမှာ အတည်ပြုဌာန်းခဲ့တာပဲ ဖြစ်ပါတယ်။ အဲ့ဒီ ဥပဒေပြဌာန်းလိုက်ပြီဖြစ်တာကြောင့် ၁၉၈၆ ခုနှစ်က ပြဌာန်းခဲ့တဲ့ လောင်းကစား ဥပဒေကို ပယ်ဖျက်ရမှာ ဖြစ်ပြီး ကာစီနို လောင်းကစားရုံတွေကို ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့သဘောတူ ခွင့်ပြုချက်နဲ့သာ ဖွင့်လှစ်ရမှာဖြစ်တယ်လို့လည်း သိရပါတယ်။

 

လက်ရှိမှာတော့ ဥပဒေ အတည်ပြုအသက်ဝင်လာဖို့အတွက် နိုင်ငံတော်သမ္မတရဲ့ အတည်ပြု လက်မှတ် ရေးထိုးဖို့အဆင့်သာ ကျန်နေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar # မြန်မာနိုင်ငံကာစီနိုလုပ်ငန်းမှာရင်းနှီးမြှုပ်နှံဖို့စိတ်ဝင်စားနေ #ဟောင်ကောင်၊မကာအိုနိုင်ငံ  #ရန်ကုန်

Photo -Casino love in myanmar Gp

 

Related posts

Leave a Comment

VOM News

FREE
VIEW