စွန့်ပစ်ပစ္စည်း ရောင်းဝယ်သူတွေအတွက် မိုဘိုင်းအက်ပလီကေးရှင်းကနေ ချိတ်ဆက်လုပ်ကိုင်နိုင်ပြီ

ပြည်၊ ဇွန်- ၄ – ၂၀၁၉

ဂျန်ကိုးလ်(VOM)

 

စွန့်ပစ်ပစ္စည်း ရောင်းဝယ်လုပ်ကိုင်နေသူတွေအတွက် မိုဘိုင်းအက်ပလီကေးရှင်းကနေ ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့ Recycle Myanmar ဆိုတဲ့ အက်ပလီကေးရှင်းကို ရေးဆွဲထားပြီး အခု ပြည်မြို့မှာ စတင်စမ်းသပ်လုပ်ကိုင်နေပြီ ဖြစ်ပါတယ်။

 

စွန့်ပစ်အမှိုက်ဝယ်ယူသူတွေဆီကို အချက်အလက် ပေးပို့ ဆက်သွယ်ရောင်းချနိုင်သလို  ဝယ်ယူသူအနေနဲ့ကလည်း လမ်းတကာလှည့် အော်ဝယ်ရတာမျိုးမဟုတ်ဘဲ အက်ပလီကေးရှင်းကနေ ချိတ်ဆက်နိုင်မှာဖြစ်တဲ့အတွက် နှစ်ဖက်အချိန်ကုန်သက်သာစေမှာ ဖြစ်ပါတယ်။ အဲဒီ အက်ပလီကေးရှင်းကို ကိုပုညဆိုတဲ့လူငယ်တစ်ဦးက ရေးဆွဲခဲ့တာဖြစ်ပြီး ပိုင့်လော့ပရောဂျက်အနေနဲ့ စမ်းသပ်လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

 

“အရင်တုန်းကဆို ဒီစက္ကူတွေ သွား သွားရောင်းနေရတာ။ အခုကတော့ ဒီအက်ပလီကေးရှင်းနဲ့ လှမ်းရောင်းလိုက်တဲ့အချိန်မှာ သူတို့လာယူတော့ ကျနော်တို့သွားရောင်းစရာ မလိုတော့ဘူး။ အဆင်ပြေတာပေါ့။” လို့ မိတ္တူနဲ့စာအုပ်ချုပ်လုပ်ငန်းက ကိုစုပိုင်က ပြောပါတယ်။

 

အိမ်တွင်းအမှိုက်တွေဖြစ်တဲ့ သတင်းစာ၊ ဂျာနယ်၊ ပုလင်းခွံ၊ အချိုရည်ဘူးခွံ စတဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ပစ္စည်းတွေ ရောင်းလို၊ ဝယ်လိုသူတွေ အနေနဲ့ Recycle myanmar  အက်ပလီကေးရှင်းမှာဝင်ပြီး မက်ဆေ့ပို့ အပြန်အလှန်ဈေးညှိနှိုင်းနိုင်ပါတယ်။ အဲဒီ အက်ပလီကေးရှင်းကို ဂူးဂဲလ် ပလေးစတိုးမှာ လွယ်ကူစွာဒေါင်းနိုင်ပြီး  ဒီအက်ပလီကေးရှင်းမှာ GPS စနစ်ပါဝင်တဲ့အတွက် ဝယ်ယူသူဟာ လိပ်စာအတိအကျရှာဖွေနိုင်လို့ အိမ်အရောက်လာနိုင်မှာ ဖြစ်တယ်လို့  တီထွင်သူ ကိုပုညက ပြောပါတယ်။

 

ဒီအက်ပလီကေးရှင်း ရေးဆွဲဖို့ ဖြစ်ပေါ်လာတဲ့အကြောင်းကို ကိုပုညက  “လူတွေဟာ အမှိုက်တွေ တန်ချိန်ပေါင်းများစွာ နေ့စဉ်ထုတ်လွှတ်နေတယ်။ နောက်ဒီအမှိုက်တွေကို ပြန်သိမ်းတဲ့နေရာမှာလည်း အမှိုက်သိမ်းစနစ်က ခေတ်မမီတော့ဘူး ဖြစ်နေတယ်။ ဒါကြောင့်ပဲ အမှိုက်ပြသနာဟာ တစ်နေ့ထက်တစ်နေ့ ပိုဆိုးလာတယ်။ အဲတော့ အမှိုက်ပြသနာကို ဖြေရှင်းဖို့ ကျနော့်ချဉ်းကပ်ပုံကတော့ ခေတ်မီနည်းပညာကွန်ယက်တစ်ခုကို တည်ဆောက်ပြီး ဖြေရှင်းချင်တာကြောင့် ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

 

ကိုပုညဟာ ၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံ လူငယ်စွန့်ဦးလုပ်ငန်းရှင်အဖွဲ့က ပေးအပ်တဲ့  လူမှုအကျိုးပြု စွန့်ဦးတီထွင်လုပ်ငန်းရှင်ဆု (ဒုတိယ) ကို ရရှိခဲ့သူ ဖြစ်ပါတယ်။

 

#voiceofmyanmar # စွန့်ပစ်ပစ္စည်းရောင်းဝယ်သူတွေအတွက်မိုဘိုင်းအက်ပလီကေးရှင်းရေးဆွဲ #ပြည် #ကိုပုည

Related posts

Leave a Comment

VOM News

FREE
VIEW