စစ်တွေမြို့လေထုထဲမှာ ကျောက်မှုန် ဝါးမှုန်၊ သဲမှုန်တွေ ပါဝင်မှု မြင့်တက်နေ

စစ်တွေ၊ ဇွန် ၅ -၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ် စစ်တွေမြို့လေထုထဲမှာ ကျောက်မှုန် ဝါးမှုန်၊ သဲမှုန်တွေ ပါဝင်မှု မြင့်တက်နေတယ်လို့  ဒီကနေ့ မနက်ပိုင်းက စစ်တွေမြို့ ဦးဥတ္တမခန်းမမှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အခမ်းအနားက သိရပါတယ်။

 

“ကျွန်တော်တို့ မနှစ်က စစ်တွေမြို့မှာ လေထုတိုင်းတာမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အထူးသဖြင့် အဝေးပြေးတို့၊ ဈေးကြီးတို့လို လူထူထပ်တဲ့နေရာတွေမှာ ပြုလုပ်ခဲ့ပါတယ်။ အဲ့ဒီမှာ PN-2.5/PN-10 လို့ ခေါ်တဲ့ လေထုထဲမှာ အမှုန်တွေပါဝင်မှု မြင့်တက်နေတာကို တွေ့ရပါတယ်။”လို့ ရခိုင်ပြည်နယ် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာန ညွှန်ကြားရေးမှူး ဦးဇော်မိုးက ပြောခဲ့တာပါ။

 

အဲ့ဒီအခမ်းအနားမှာ သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးလာတာ၊ လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်နေတာနဲ့ပတ်သက်လို့ တားဆီးကာကွယ်မှုတွေ ပြုလုပ်ဖို့ လိုအပ်ကြောင်းကိုလည်း ပြောဆိုခဲ့ကြပါတယ်။

 

အခုလိုမျိုး လေထုထဲအမှုန်တွေ ပါဝင်မှုမြင့်တက်နေတာဟာ စီးပွားရေးလုပ်ငန်းတွေ၊ မော်တောယဉ်တွေကနေတစ်ဆင့် ပျံ့နှံလာခဲ့တာဖြစ်ပြီး နွေရာသီမှာ အများဆုံးဖြစ်ပွားနေတာလို့ ဆိုပါတယ်။

 

“အဲ့ဒီလေထုထဲမှာ ရောနှောပါဝင်နေတဲ့ အမှုန်တွေကတော့ မျက်စိနဲ့မမြင်နိုင်တဲ့အမှုန်တွေ ပါဝင်သလို မျက်စိနဲ့မြင်နိုင်တဲ့အမှုန်တွေလည်း ပါဝင်နေတာတွေ့ရပါတယ်။ ဥပမာပြောရရင်တော့ ဝါးစတို့ သဲမှုန်လေးတို့၊ ကျောက်စအမှုန်လေးတွေ ပါဝင်နေတာဖြစ်ပါတယ်။”လို့ ဦးဇော်မိုးက ပြောပါတယ်။

 

ဒါ့အပြင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနအနေနဲ့ အဲ့ဒီလေထုတိုင်းတာမှုတွေကို ရခိုင်ပြည်နယ်တောင်ပိုင်းဒေသက ကျောက်ဖြူနဲ့ သံတွဲမြို့တွေမှာ ဆက်လက်ပြုလုပ်သွားဖို့ ပြင်ဆင်နေကြောင်းနဲ့ ရခိုင်ပြည်နယ်ရဲ့လေထုက နွေရာသီမှာ အခုလိုအမှုန်တွေ ရောနှောပါဝင်မှု မြင့်မားနေပေမယ့် ကောင်းမွန်တဲ့အနေအထားမှာ ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။

 

#voiceofmyanmar # စစ်တွေမြို့လေထုထဲမှာကျောက်မှုန်၊သဲမှုန်ပါဝင်မှုမြင့်နေ #ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ #ရခိုင်  # စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW