ဒေါက်တာ ကျော်ဆွေ ပြောကြားချက်အပေါ် ဦးဇော်ဌေး တုံ့ပြန်ချက်

နေပြည်တော်၊ ဇွန် ၇ – ၂၀၁၉

ကိုထွန်း(VOM)

 

တ.စ.ည ပါတီ CEC အဖွဲ့ဝင်​​ ဒေါက်​တာ​ကျော်​​ဆွေက ထောင်​ဆူပူရခြင်းဟာ လက်​မဲကြီး​ကြောင့်​ မဟုတ်​၊ လက်​နီကြီး​ကြောင့်လို့ ပြောကြားခဲ့တဲ့အ​ပေါ် နိုင်​ငံ​တော်​အတိုင်​ပင်ခံရုံး ညွှန်​ကြား​ရေးမှူးချူပ်​၊ အစိုးရရဲ့ပြော​ရေးဆိုခွင့်ရှိသူ ဦး​ဇော်​​ဌေးက သမ္မတအိမ်​​တော်​သတင်း​ထောက်​အဖွဲ့တွေကို အခုလို ပြောခဲ့ပါတယ်။

 

“ထောင်ဆူတဲ့ကိစ္စတွေနဲ့ ပတ်သက်လို့ ပြောသွားတာတွေက မှားနေတယ်။ စိတ်မကောင်းပါဘူး။ ဘာဖြစ်လို့လည်းဆိုတော့ မူးယစ်ဆေးအမှုတွေနဲ့ ပတ်သက်လို့ ဥပဒေ မပြင်ရခင်က အကျဉ်းကျခံနေရတဲ့ အရေအတွက် အတော်များပါတယ်။ နိုင်ငံတော်သမ္မတကြီးက လိုလားချက်ကိုပဲ ပြောလိုက်တာပါ။ သက်ကြီးရွယ်အို အကျဉ်းသားတွေ၊ အသက်ငယ်ရွယ်သူတွေ၊ နောက် ဆေးပြား ၁၀၀ နဲ့အောက် မိတဲ့သူတွေ၊ ဒါတွေကို အဓိကထားပြီး လွှတ်ဖို့ တင်ပြခိုင်းတာပါ။ တကယ်တမ်း စာရင်းဇယားနဲ့ လုပ်တာက ပြည်ထဲရေးဝန်ကြီး ဦးဆောင်ပြီး အကျဉ်းဦးစီးက အသေးစိတ် လုပ်တာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

 

ဒါ့အပြင် အစိုးရအနေနဲ့က ဆောင်ရွက်ချက်အတွက် မူပဲ ချပေးတာဖြစ်ပြီး အသေးစိတ် လူစာရင်းကို အကျဉ်းဦးစီးနဲ့ ပြည်ထဲရေးက လုပ်ဆောင်တာလို့ သိရပါတယ်။ အဲဒီထဲမှာမှ နိုင်ငံတော်သမ္မတနဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ထံ အသနားခံ တင်ပြလာတဲ့ တင်ပြစာတွေကို ထည့်သွင်း စဉ်းစားပြီး သုံးသပ်ဆောင်ရွက်ခဲ့တယ်လို့ ဆိုပါတယ်။

 

နေပြည်တော် ရတနာသင်္ဃဟိုတယ်မှာ ဇွန် ၅ ရက် မွန်းလွဲပိုင်းက ပြုလုပ်ခဲ့တဲ့ နိုင်ငံတော်သမ္မတထံ အိပ်ဖွင့်ပေးစာနဲ့ ရွေးကောက်ပွဲကော်မရှင်ဥက္ကဌတို့ထံ ပေးပို့စာနဲ့ပတ်သက်လို့ လုပ်ခဲ့တဲ့ပွဲမှာ ဒေါက်တာကျော်ဆွေက ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

ဆက်လက်ပြီး ဦးဇော်ဌေးက “ ပြန်လွှတ်မယ် ဆိုတဲ့အခါ  ထောင်တွေများနေလို့ အထက်၊ အောက် ခွဲပြီး လွှတ်ဖို့ စီစဉ်တာပါ။ ဒါကိုလည်း မီဒီယာတွေကို တရားဝင် ထုတ်ဖော်ပြောကြားထားပြီး ဖြစ်ပါတယ်။ ဒါကလည်း တာဝန်ရှိသူတွေရဲ့ တင်ပြချက်အရ အချိန်ခြား၊ ဒေသခြားပြီး ဆောင်ရွက်တာ ဖြစ်ပါတယ်။ ဒီအပေါ်မှာ စီမံခန့်ခွဲမှု ညံ့ဖျင်းတာတွေ ပြောလာတော့ ပြည်ထဲရေးနဲ့ အကျဉ်းဦးစီးကို ပြောရာ ရောက်နေတယ်လို့ ပြောချင်တယ်။” လို့ ဆိုပါတယ်။

 

သေဒဏ် ၃ ကြိမ် ကျခံထားတဲ့သူ ပြန်လွှတ်တယ်ဆိုတဲ့ သတင်းဟာ သတင်းမှားဖြစ်တယ်လို့ ပြည်ထဲရေးဖြေဆိုမှုကို ပြန်လည်ပြောဆိုခဲ့ပြီး ထောင်ဆူပူမှုတွေ ဖြစ်ခဲ့တဲ့ အကြောင်းရင်းတွေကိုလည်း စိစစ်ဖော်ထုတ်ပြီး အရေးယူမှုတွေ လုပ်ဆောင်နေတယ်လို့ ဦးဇော်ဌေးက ပြောပါတယ်။

 

“ဥပမာ အကျဉ်းထောင်ထဲမှာ မိုဘိုင်းဖုန်း သုံးလို့ရရုံမက၊ Live တောင်မှ လွှင့်နေတာမျိုးရဲ့ အဓိက အကြောင်းရင်းနဲ့ တာဝန်ရှိသူတွေ ဖော်ထုတ်တာမျိုး။ မီးတကျီကျီ နဲ့ နိုင်ငံရေးသခွပ်ပင်လိုမျိုး လုပ်တော့မယ် ဆိုရင် သေသေချာချာ လေ့လာစုံစမ်းပြီးမှ ပြောဆိုဖို့၊ လုပ်ကိုင်ဖို့ ပြောချင်တယ်။ မဟုတ်ရင် ဥပဒေကြောင်းအရ ငြိစွန်းသွားမယ်ဆိုရင် သူတို့အတွက်လည်း အများကြီး နစ်နာပါတယ်။ အခုတော့ ပြောချင်တာက တည်ဆဲ အစိုးရ၊ သူတို့ ပြောနေတာက ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တာဝန်ရှိသူတွေကို အပုပ်ချရာ ရောက်နေတယ်။”လို့ ဆိုပါတယ်။

 

ဒါ့အပြင် အချက်အလက် အမှားအယွင်းတွေကို အခြေခံပြီး၊ Facebook သတင်းလောက်ကိုပဲ ဖတ်ပြီး လက်လွတ်စပယ် မပြောကြဖို့ကိုလည်း သတိပေးပြောဆိုခဲ့ပါတယ်။

 

#voiceofmyanmar # ဒေါက်တာကျော်ဆွေပြောကြားချက်အပေါ်ဦးဇော်ဌေးတုန့်ပြန်ချက်  #တစညပါတီ  # နိုင်ငံတော်အတိုင်ပင်ခံရုံးညွှန်ကြားရေးမှူးချူပ်၊အစိုးရရဲ့ပြောရေးဆိုခွင့်ရှိသူ #နေပြည်တော်

Related posts

Leave a Comment

VOM News

FREE
VIEW