လယ်​ဧက ရှစ်ရာနီးပါး ကြွက်​​တွေကိုက်​လို့ တောင်​သူ​တွေ အခက်အခဲဖြစ်

ဇီးကုန်း၊ ဇွန်​ ၂၅ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ဇီးကုန်းမြို့နယ်​ လယ်​မကျေးရွာအုပ်​စုအတွင်းမှာရှိတဲ့ လယ်​ဧက ရှစ်​ရာနီးပါး ကြွက်​​တွေဝင်​ကိုက်​လို့ စပါးပင်​​တွေ ပျက်​စီးတဲ့အတွက်​​ တောင်​သူ​တွေ စိုးရိမ်​​နေပါတယ်​။

 

လယ်မကျေးရွာနဲ့ ကူဖြူကျေးရွာတွေက လယ်တွေမှာ ဖြစ်ပေါ်နေတာဖြစ်ပြီး ဒေသခံ တောင်သူ ဦးလွင်သန်းက “ပြီးခဲ့တဲ့ နှစ်​ပတ်​​လောက်​က ပိုးကျလို့ ပိုးသတ်​​ဆေး​တွေ ဖျန်းထားတယ်​။ အခုကြွက်​​တွေ ဝင်​ကိုက်​​နေတယ်​။ ၃၈၁/၃၈၇ ကွင်း၊ ကူဖြူကွင်း၊ လယ်​မကွင်းတွေမှာ ကြွက်​​တွေ တအားဝင်​ကိုက်​​နေတယ်​။ မိုးကလည်း မရွာဘူး၊ စပါးပင်​​တွေလည်း ခြောက်​​သွေ့ကုန်​ပြီ။ ကြွက်​​တွေကကိုက်​ ပိုးကလည်းကျဆဲဖြစ်​​နေ​တော့ လယ်​သမား​တွေ အခက်​အခဲ တွေဖြစ်​​နေပါတယ်​။”လို့  ပြောပါတယ်​။

 

ဒီနှစ်မှာ တစ်နိုင်ငံလုံးအနေနဲ့ ရာသီဥတု ဖောက်ပြန်တာ၊ မုတ်သုံအဝင် နောက်ကျပေမယ့် အထွက်စောတဲ့အတွက်  မိုးရာသီရက်ပေါင်းလေးဆယ်လောက် လျော့သွားတာတွေကြောင့် မုန်တိုင်းသာရှိပြီး မုတ်သုံမိုးမရှိတော့ တောင်သူတွေ ရေမရဘဲ အခက်အခဲကြုံရတာ ဖြစ်ပါတယ်။ ရေမရတဲ့အတွက် အခုလို ပိုးတွေကျ၊ ကြွက်တွေကိုက် ဖြစ်ပေါ်ရတာမို့ ဆည်ရေလွှတ်ပေးဖို့ လိုအပ်တယ်လို့ တောင်သူအချို့က တောင်းဆိုပါတယ်။

 

“ဆည်ရေလွှတ်ပေးဖို့တော့ တောင်းဆိုထားတယ်။ အခုချိန်အထိတော့ ရေမရသေးပါဘူး။ တချို့ တောင်သူတွေ ပြန်စိုက်နေကြတယ်။ တချို့ကတော့ ဆေးတွေပက်ကြတယ်။ ရေမရရင် ဘယ်လိုမှ စိုက်ပျိုးလို့ အဆင်မပြေပါဘူး။”လို့ ဒေသခံ တောင်သူ ဦးဌေးလွင်က ပြောပါတယ်။

 

ဆည်ရေလွှတ်ပေးဖို့ တောင်းဆိုတာနဲ့ ပတ်သက်ပြီး ဇီးကုန်းမြို့နယ် စိုက်ပျိုးရေးဌာန မြို့နယ်ဦးစီးမှူး ဦးလှမိုးက “တောင်သူတွေက ဆည်ရေတောင်းဆိုထားတယ်ဆိုတာ သူတို့က နှုတ်နဲ့တောင်းဆိုနေတာပါ။ အဲဒီ လိုနှုတ်နဲ့တောင်းဆိုလို့ မရပါဘူး။ တရားဝင် စာတင်ပြီးတောင်းရပါတယ်။ ဒါကို ကျနော်တို့ဌာနက ဟုတ်ပါတယ်၊ ရေအမှန်တကယ် လိုအပ်နေပါတယ်ဆိုပြီး ထပ်ဆင့်ထောက်ခံပေးရမှာပါ။”လို့ ပြောဆိုပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး ဇီးကုန်းမြို့နယ် ဆည်မြောင်း ဦးစီးဌာန ဦးစီးမှူး ဦးသက်နိုင်ကို မေးမြန်းရာမှာတော့  ဆည်ရေလွှတ်ပေးဖို့ ကွင်းဆင်းကြည့်ရှုနေပြီဖြစ်ပြီလို့ ဆိုပါတယ်။

 

 

#voiceofmyanmar # လယ်ဧကရှစ်ရာနီးပါး ကြွက်တွေကိုက်လို့တောင်သူတွေ အခက်အခဲဖြစ် #ပဲခူး #ဇီးကုန်း #စိုက်ပျိုးရေး

Related posts

Leave a Comment

VOM News

FREE
VIEW