အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကုလသမဂ္ဂတိုက်တွန်းချက် အီရန်ပယ်ချ

ကုလသမဂ္ဂ ၊ ဇွန်-၂၅-၂၀၁၉

မျိုးဆက် (VOM)

 

ပင်လယ်ကွေ့ဒေသမှာ  တင်းမာမှုတွေအဆုံးသတ်ရေးအတွက် အမေရိကန်နဲ့ အီရန်တို့ တွေ့ဆုံဆွေးနွေး အဖြေရှာကြဖို့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီက ဇွန် ၂၄ ရက်မှာ တိုက်တွန်း တောင်းဆိုလိုက်ပါတယ်။

 

ဒါပေမယ့် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က အီရန်အပေါ် နောက်ထပ်အရေးယူပိတ်ဆို့မှုတွေ ချမှတ်လိုက်တဲ့ အတွက် အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးရေးကို အီရန်ဘက်က ပယ်ချလိုက်ပါတယ်။

 

ကူဝိတ်နိုင်ငံက မူကြမ်းရေးဆွဲထားပြီး အဖွဲ့ဝင်နိုင်ငံအားလုံး သဘောတူကြတဲ့ ကုလသမဂ္ဂရဲ့ ကြေညာချက်မှာ မကြာသေးမီက ဖြစ်ပွားခဲ့တဲ့ ရေနံတင်သင်္ဘောတွေ တိုက်ခိုက်ခံရမှုအတွက် ကုလသမဂ္ဂလုံခြုံရေးကောင်စီက ပြစ်တင်ထားပြီး ဒီလို လုပ်ဆောင်တာဟာ ကမ္ဘာ့စွမ်းအင် ဖြန့်ဖြူးရေး ၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ခြိမ်းခြောက်လိုက်တာဖြစ်တယ်လို့ ဆိုပါတယ်။

 

ပင်လယ်ကွေ့အရေးနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ နှစ်နာရီကြာ တံခါးပိတ် တွေ့ဆုံဆွေးနွေးပြီးနောက် အီရန်ကို ရည်ညွှန်းပြောဆိုတာမျိုးမဟုတ်ပေမယ့်လည်း နှစ်ဘက်လုံးအနေနဲ့ စစ်ရေးထိပ်တိုက်တွေ့ဆုံမှုတွေကနေ ရှောင်ရှားကြဖို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီက ကြေညာချက်တစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။

 

အီရန်ဘာသာရေးခေါင်းဆောင် ခါမေနီနဲ့ အီရန်တပ်မှူးရှစ်ဦးကို ပစ်မှတ်ထားပြီး အီရန်အပေါ် ဒေါ်နယ်ထရန့်က အရေးယူပိတ်ဆို့မှုအသစ်များ ချမှတ်ပြီးနောက် နာရီအနည်းငယ်အကြာမှာ လုံခြုံရေးကောင်စီမှာ ပါဝင်တဲ့  ကမ္ဘာ့အင်အားကြီးနိုင်ငံတွေက  အခုလို ထုတ်ပြန်တိုက်တွန်းခဲ့တာ ဖြစ်ပါတယ်။

 

ပင်လယ်ကွေ့အရေးနဲ့ပတ်သက်တဲ့ ဒီတံခါးပိတ်အစည်းအဝေးကို အမေရိကန်ရဲ့ တောင်းဆိုမှုကြောင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကျင်းပခဲ့တာဖြစ်ပြီ အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ သင့်တော်တဲ့ အခြေအနေမျိုး မဟုတ်ဘူးလို့ ကုလသမဂ္ဂဆိုင်ရာ အီရန်အသံအမတ်ကြီးက သတင်းထောက်တွေ ကို ပြောပါတယ်။

 

Ref: CNA

Photo : AP

#voiceofmyanmar # အမေရိကန်နဲ့ တွေ့ဆုံဆွေးနွေးဖို့ ကုလသမဂ္ဂတိုက်တွန်းချက်အီရန်ပယ်ချ #ပင်လယ်ကွေ့အရေး #  ကုလသမဂ္ဂ

Related posts

Leave a Comment

VOM News

FREE
VIEW