မြောက်ဦးမြို့နယ်မှာ ကျေးရွာသားတစ်ဦး ကျည်ထိဒဏ်ရာရ

မြောက်ဦး၊ ဇွန် ၂၅ -၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ် ပေါက်ပင်ကွင်းရွာသား ကိုကျော်ဝင်းထွန်းဟာ မနေ့ နေ့လည်က ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ပါတယ်။

 

သူဟာ လယ်ထွန်အပြီးမှာ ငါးရှာဖို့ထွက်လာခဲ့တဲ့ ပေါက်ပင်ကွင်းကျေးရွာသားနောက်တစ်ဦးဖြစ်တဲ့ ကိုကျော်ဝင်းတင်နဲ့အတူ သရက်ခင်းရှိတဲ့နေရာကို လှေနဲ့သွားခဲ့ကြစဉ် ကျည်ထိမှန်ခဲ့တာပါ။

 

“လယ်ထွန်တာနားပြီးတော့ တစ်ဖက်ကမ်းမှာရှိတဲ့ သရက်ခင်းကနေ သရက်သီးသွားခူးမယ်ဆိုပြီး လှေနဲ့သွားတဲ့အချိန်မှာ ပစ်သံကြားလိုက်ရတယ်။ ကျနော်ကို တစ်ချက်လာထိတယ်။ မျက်နှာမှာရှပ်ထိသွားတာ ဖြစ်ပါတယ်။”လို့ ကျည်ထိမှန်ဒဏ်ရာရရှိခဲ့သူ ကိုကျော်ဝင်းထွန်းက ပြောပါတယ်။

 

စစ်ကြောင်းရှိတဲ့နေရာနဲ့ သူတို့သွားနေတဲ့နေရာက တစ်မိုင်ကျော်လောက်ကွာဝေးပြီး ပစ်ခတ်သံ အချက် ၂၀ လောက် ကြားရတယ်လို့ ဆိုပါတယ်။

 

အဲဒီလို ပစ်ခတ်သံတွေကြောင့် ထွက်ပြေးခဲ့ရပုံကို ကိုကျော်ဝင်းထွန်းက “ကျနော်လည်း မျက်နှာမှာ ဒဏ်ရာရသွားတာနဲ့ လှေကနေချောင်းထဲကို ခုန်ချပြီး ထွက်ပြေးရတာပေါ့။ အခုရွာသားတွေရဲ့အကူအညီနဲ့ ဆေးရုံကို ရောက်လာခဲ့တာ ဖြစ်ပါတယ်။”လို့ ပြောပါတယ်။

 

ကိုကျော်ဝင်းထွန်းမှာ ဒဏ်ရာကြီးကြီးမားမား ရရှိတာမဟုတ်ဘဲ မျက်နှာရဲ့ညာဖက်ပါးပြင်မှာ ရှပ်ထိသွားတာ ဖြစ်တဲ့အတွက် စိုးရိမ်ရတဲ့အနေအထားမရှိဘူးလို့ သိရပါတယ်။

 

အခုလိုမျိုး မြောက်ဦးမြို့နယ်အတွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပစ်ခတ်တိုက်ခိုက်တာတွေ ရှိနေတာကြောင့် တောင်သူတွေအနေနဲ့ မိမိတို့ရဲ့လယ်ယာတွေကို ထွန်ယက်ဖို့ အဆင်မပြေဖြစ်နေကြတာ ဖြစ်ပါတယ်။

 

#voiceofmyanmar # မြောက်ဦးမြို့နယ်မှာကျေးရွာသားတစ်ဦးကျည်ထိဒဏ်ရာရ #ရခိုင် #မြောက်ဦး #

Related posts

Leave a Comment

VOM News

FREE
VIEW