မင်းတုန်း သမဝါယမမှာ ဒေါ်လာဈေးတက်လို့ဆိုပြီး စာချုပ်ပါ အတိုးနှုန်းထက် ပိုကောက်

မင်းတုန်း၊ ဇွန် ၂၇ -၂၀၁၉

ဂျန်ကိုးလ် (VOM)

 

မကွေးတိုင်း မင်းတုန်းမြို့နယ်မှာ မြို့နယ်သမဝါယမကနေ ချေးငွေထုတ်ယူထားတဲ့ တောင်သူတွေဟာ ငွေချေးယူစဉ်က သဘောတူထားတဲ့ အတိုးနှုန်းနဲ့ ပြန်ဆပ်နေရတာ မဟုတ်ဘဲ ဒေါ်လာဈေးတက်လို့ဆိုပြီုး၂ ကျပ်တိုးနဲ့ ပြန်ဆပ်နေရတယ်လို့ တောင်သူအချို့ထံက သိရပါတယ်။

 

“အရင်ကတော့ အတိုးတစ်ကျပ်ခွဲပါ။ အခုခြောက်လက စပြီး အတိုးနှစ်ကျပ်ဖြစ်သွားပါတယ်။ ဒါကလည်း ဒေါ်လာဈေးတက်လို့ပါ။” လို့ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇင်က အတည်ပြု ပြောဆိုပါတယ်။

 

အဆင့်မြင့် လယ်ယာဖေါ်ဆောင်ရေးနဲ့ မျိုးစေ့ထုတ်လုပ်ငန်းတွေအတွက် ချေးငွေကို မြို့နယ်သမဝါယမ ကနေ တစ်ကျပ်ခွဲနှုန်းနဲ့ စာချုပ်ချုပ်ကာ ချေးယူခဲ့ရပေမယ့်  အတိုး၂ ကြိမ်ဆပ်ပြီး သုံးကြိမ်မြောက်မှာတော့ ဒေါ်လာဈေးတက်လို့ဆိုပြီး နှစ်ကျပ်တိုးနှုန်း တိုးမြှင့်လိုက်လို့ တောင်သူတွေကတော့ နစ်နာတယ်လို့ ဆိုကြပါတယ်။

 

အခုလို အတိုးတက်တာတွေနဲ့ ပတ်သက်ပြီး တောင်သူတွေက မင်းတုန်းမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်သန်းနုကို တင်ပြခဲ့ရာမှာ သူက “အမြန် အရေးယူဆောင်ရွက်ပေးမယ်လို့ ဖြေခဲ့တယ်။ ဒီကိစ္စ အမှန်ဆိုရင်တော့ မဖြစ်သင့်ဘူး။ တောင်သူတွေ သက်သာအောင် လုပ်ပေးတာက ခုလိုဆိုရင် နစ်နာကုန်မယ်။” လို့ ပြောပါတယ်။

 

မင်းတုန်းမြို့နယ်မှာ အဆင့်မြင့်လယ်ယာ ၃ ဧက အနည်းဆုံးဖေါ်ဆောင်သူတွေကို MAC မြန်မာ့စိုက်ပျိုးရေးသမဝါယမ တိုးတက်ဖွံ့ဖြိုးရေးက တစ်ဧက ငွေသုံးသိန်းနှုန်းနဲ့ သုံးဧကစာ ချေးပေးပြီး ၆ လ တကြိမ် ၆ ခါဆပ်စနစ်နဲ့ ထုတ်ချေးပေးနေတာလို့ သိရပါတယ်။

 

အခု မိုးစပါးစိုက်ချိန်မှာ တောင်သူတွေအနေနဲ့ စိုက်ဘဏ်ချေးငွေနဲ့ သမငွေ အတိုးတက်မှုအပေါ် စိတ်ဖိစီးမှုတွေ များနေတယ်လို့ ချေးယူထားတဲ့ တောင်သူတွေက ပြောဆိုနေကြပါတယ်။

 

#voiceofmyanmar  # မင်းတုန်းသမဝါယမမှာဒေါ်လာဈေးတက်လို့အတိုးနှုန်းထက် ပိုကောက် # စာချုပ်ပါအတိုးမဟုတ်  #မကွေး#မင်းတုန်း

Related posts

Leave a Comment

VOM News

FREE
VIEW