လင်မယားနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သူကို သေဒဏ်နဲ့ ထောင်ဆယ်နှစ်ချ

မန္တလေး၊ ဇွန် ၂၇ – ၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ်မှာ လင်မယားနှစ်ယောက်ကို သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့ သေနတ်သမားကို  မန္တလေးခရိုင်တရားရုံးက သေဒဏ်နဲ့ ထောင်ဒဏ်ဆယ်နှစ် ကျခံဖို့ ဒီနေ့ ဇွန် ၂၇ ရက်မှာ အမိန့်ချလိုက်ပါတယ်။

 

၂၀၁၈ ခုနှစ် သြဂုတ်လ ၁၃ ရက်က ချမ်းမြသာစည်မြို့နယ် ၅၅ လမ်း၊ ရွာလယ်လမ်းနဲ့ နှင်းဆီလမ်းအနီးမှာ ဆိုင်ကယ်မောင်းနှင်လာတဲ့ လင်မယားနှစ်ယောက်ကို ဦးခွန်ကောလားဆိုသူက ဆိုင်ကယ်နဲ့ဝင်တိုက်ပြီး အမျိုးသမီးရဲ့လက်ကိုင်အိတ်ကို လုယူခဲ့ရာမှာ လင်မယားနှစ်ယောက်က ပြန်လုတဲ့အတွက် သေနတ်နဲ့ ပစ်ခတ်ခဲ့တယ်လို့ တရားရုံးထွက်ဆိုချက်တွေက သိရပါတယ်။

 

အဲဒီပစ်ခတ်မှုကြောင့် အမျိုးသမီးဖြစ်သူမှာ နဖူးကျည်ဖောက်ဝင် ဒဏ်ရာ တစ်ချက်ရရှိခဲ့ပြီး သေဆုံးခဲ့သလို အမျိုးသားဖြစ်သူ  ဦးလီဆွမ်(ခ)ဇော်လင်းကတော့ ဝဲရင်ဘတ် ကျည်ဖောက်ဝင်၊ ယာချိုင်းအောက် ကျည်ဖောက်ထွက်ဒဏ်ရာတွေနဲ့  စိုးရိမ်ရအခြေအနေထိ ဒဏ်ရရှိခဲ့ပါတယ်။

 

အဲဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး ကျူးလွန်သူ ဦးခွန်ကောလားကို ပြစ်မှုထင်ရှားကြောင်း တွေ့ရှိတဲ့အတွက် ရာဇသတ်ကြီးဥပဒေ ပုဒ်မ – ၃၀၂(ဂ)  အရ သေဒဏ် ၊ ရာဇသတ်ကြီးဥပဒေ ပုဒ်မ – ၃၉၂/၃၉၇ အရ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ဆယ်နှစ် သီးခြားဆီ ကျခံရန် အမိန့််ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအမိန့်နဲ့ ပတ်သက်ပြီး ဦးခွန်ကောလားရဲ့ ရှေ့နေ ဦးခင်မောင်မြင့်က ၇ ရက်အတွင်း အထက်ရုံးသို့ အယူခံဝင်သွားမယ်လို့  ပြောပါတယ်။

 

တရားခံအနေနဲ့ ရှေ့နေငှားရမ်းနိုင်ခြင်း မရှိတာကြောင့် နိုင်ငံတော် စရိတ်နဲ့ မန္တလေး ရှေ့နေများအသင်းက တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်က လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။

 

#voiceofmyanmar # လင်မယားနှစ်ယောက်ကိုသေနတ်နဲ့ပစ်သတ်ခဲ့တဲ့သူကို သေဒဏ်နဲ့ ထောင်ဆယ်နှစ်ချ  # ခွန်ကောလား #မန္တလေး # ချမ်းမြသာစည်

Related posts

Leave a Comment

VOM News

FREE
VIEW