ပဲခူး၊ ဇူလိုင် ၃- ၂၀၁၉
မိုးယံ(VOM)
ပဲခူးတိုင်း အင်းတကော်နယ်မြေ တာဝအုပ်စု ဘီလူးကုန်းကျေးရွာက အိမ်တစ်အိမ်ကို မနေ့ည ဆယ်နာရီပတ်ဝန်းကျင်က အမည်မသိအမျိုးသားသုံးဦးဟာ အနုကြမ်းဝင်စီးပြီး ငွေသိန်း ၂၃၀ ကျော်ယူဆောင်သွားတယ်လို့ အင်းတကော် နယ်မြေရဲစခန်းက သိရပါတယ်။
အသက် ၆၅ နှစ်အရွယ် ဦးကျော်သန်းနဲ့ အသက် ၆၄ နှစ်အရွယ် ဇနီးဒေါ်ညွှန့်ရီ၊ အသက် ၁၄ နှစ်အရွယ် မြေးဖြစ်သူ မဖြိုးသူခိုင်တို့ဟာ နေအိမ်မှာ အိပ်နေစဉ် အခုလို အနုကြမ်းစီးခံရတာဖြစ်တယ်လို့ သိရပါတယ်။
“ အိမ်ရှေ့ခန်းမှာ ပူလို့ခြင်ထောင်မထောင်ဘဲ အိပ်နေတာပါ။ အိမ်ထဲခန်းထဲမှာ သမီးအိပ်နေတယ်။ ည ၁၀ နာရီလောက်မှာ လူနှစ်ယောက် အနားရောက်လာတယ်။ တစ်ယောက်က မျက်နှာကို ဓာတ်မီးနဲ့ထိုးပြီး ဗိုက်ကိုဓားနဲ့ထောက်ထားတယ်။ နောက်တစ်ယောက်က ပါးစပ်ကို ပုဆိုးနဲ့ပိတ်ပြီး အနားမှာအိပ်နေတဲ့ မိန်းမနိုးလာတော့ အဲဒီလူက ခင်ဗျားဆီက သော့ပေးလို့ တောင်းပါတယ်။” လို့ ဦးကျော်သန်းက ပြောပါတယ်။
အဲဒီနောက် အိမ်ရှေ့မှာထားတဲ့ နှစ်ပေပတ်လည် သံသေတ္တာကိုဖွင့်ပြီး ရာတန်၊ ထောင်တန်ကအစ ဆုသိမ်းထားတဲ့ ငွေသိန်း ၂၃၀ ကျော်ကို မီးဖိုမှာလှန်းထားတဲ့ ပုဆိုးနဲ့ ထုပ်ပြီးယူသွားခဲ့တယ်လို့ ရဲစခန်းထွက်ဆိုချက်အရ သိရပါတယ်။ အိမ်ရှင် ဦးကျော်သန်းကိုလည်း ချုပ်နှောင်ခေါ်ဆောင်သွားခဲ့ပြီး နေအိမ်နောက်ဖက်က ပိတောက်ပင်မှာ ကြိုးနဲ့တုတ်ရာမှာ ရုန်းကန်တဲ့အတွက် အမျိုးသားတစ်ဦးက ဓားနဲ့ထိုးလို့ ဘယ်ဖက်လက်မောင်းဒဏ်ရာရရှိခဲ့တာကြောင့် ဆေးရုံမှာဆေးကုသမှု ခံယူနေရတယ်လို့ မိသားဝင်တွေက ပြောပါတယ်။
ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဲဒီအမျိုးသားသုံးဦးကို (ပ)၂၁၂/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ-၃၈၆ /၁၁၄ တို့နဲ့ အမှုဖွင့်ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေတယ်လို့ အင်းတကော်နယ်မြေရဲစခန်း ဒုရဲအုပ် သန်းဗိုလ်ကပြောပါတယ်။
#voiceofmyanmar # အိပ်ပျော်နေစဉ်အမျိုးသားသုံးဦးကအနုကြမ်းဝင်စီး #ငွေသိန်း၂၃၀ကျော် ယူဆောင်သွား #ပဲခူးတိုင်း #အင်းတကော်နယ်မြေ #တာဝအုပ်စု #ဘီလူးကုန်းရွာ #