အိပ်ပျော်နေစဉ် အမျိုးသားသုံးဦးက အနုကြမ်းဝင်စီး၊ ငွေသိန်း နှစ်ရာကျော် ယူဆောင်သွား

ပဲခူး၊ ဇူလိုင်​ ၃- ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း အင်းတ​ကော်​နယ်​​မြေ တာဝအုပ်​စု ဘီလူးကုန်း​ကျေးရွာက အိမ်တစ်အိမ်ကို  မ​နေ့ည ဆယ်နာရီပတ်​ဝန်းကျင်​က အမည်​မသိအမျိုးသားသုံးဦးဟာ  အနုကြမ်းဝင်စီးပြီး ​ငွေသိန်း ၂၃၀ ကျော်​ယူ​ဆောင်​သွားတယ်​လို့ အင်းတ​ကော်​ နယ်​​မြေရဲစခန်းက သိရပါတယ်​။

 

အသက်​ ၆၅ နှစ်​အရွယ် ​ဦး​ကျော်​သန်းနဲ့ အသက်​ ၆၄ နှစ်​အရွယ် ဇနီးဒေါ်ညွှန့်​ရီ၊ ​ အသက်​ ၁၄ နှစ်အရွယ် မြေးဖြစ်သူ မဖြိုးသူခိုင်​တို့ဟာ နေအိမ်မှာ အိပ်​​နေစဉ်​ အခုလို အနုကြမ်းစီးခံရတာဖြစ်​​တယ်လို့ သိရပါတယ်။

 

“ အိမ်​​ရှေ့ခန်းမှာ ပူလို့ခြင်​​ထောင်​မ​ထောင်​ဘဲ အိပ်​​နေတာပါ။ အိမ်​ထဲခန်းထဲမှာ သမီးအိပ်​​နေတယ်​။ ည ၁၀ နာရီ​လောက်​မှာ လူနှစ်​​ယောက်​ အနား​ရောက်​လာတယ်​။ တစ်​​ယောက်​က မျက်​နှာကို ဓာတ်​မီးနဲ့ထိုးပြီး ​ဗိုက်​ကိုဓားနဲ့​ထောက်​ထားတယ်။ ​နောက်​တစ်​​ယောက်​က ပါးစပ်​ကို ပုဆိုးနဲ့ပိတ်​ပြီး အနားမှာအိပ်​​နေတဲ့ မိန်းမနိုးလာ​တော့ အဲဒီလူက ခင်​ဗျားဆီက​ သော့​ပေးလို့​ တောင်းပါတယ်။” လို့ ဦးကျော်သန်းက ပြောပါတယ်​။

 

အဲဒီနောက် အိမ်​​ရှေ့မှာထားတဲ့ နှစ်​​ပေပတ်​လည်​ သံ​သေတ္တာကိုဖွင့်​ပြီး​ ရာတန်၊ ထောင်တန်ကအစ ဆုသိမ်းထားတဲ့ ငွေသိန်း ၂၃၀ ကျော်ကို မီးဖိုမှာလှန်းထားတဲ့ ပုဆိုးနဲ့ ထုပ်​ပြီးယူသွားခဲ့တယ်လို့ ရဲစခန်းထွက်ဆိုချက်အရ သိရပါတယ်။ အိမ်ရှင် ဦးကျော်သန်းကိုလည်း ချုပ်နှောင်ခေါ်ဆောင်သွားခဲ့ပြီး နေအိမ်​​နောက်​ဖက်က ပိ​တောက်​ပင်​မှာ ကြိုးနဲ့တုတ်​ရာမှာ ရုန်းကန်​တဲ့အတွက် အမျိုးသားတစ်​ဦးက ဓားနဲ့ထိုးလို့ ဘယ်​ဖက်​လက်​​မောင်းဒဏ်​ရာရရှိခဲ့တာကြောင့် ဆေးရုံမှာ​ဆေးကုသမှု ခံယူ​နေရတယ်​လို့ မိသားဝင်​​တွေက​ ပြောပါတယ်​။

 

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အဲဒီအမျိုးသားသုံးဦးကို (ပ)၂၁၂/၂၀၁၉ ရာဇသတ်​ကြီး ပုဒ်​မ-၃၈၆ /၁၁၄ တို့နဲ့ အမှုဖွင့်​​ထားပြီး ဖမ်းဆီးရမိရေးအတွက် ဆောင်​ရွက်​​နေတယ်​လို့ အင်းတ​ကော်​နယ်​​မြေရဲစခန်း ဒုရဲအုပ်​ သန်းဗိုလ်​က​ပြောပါတယ်​။

 

#voiceofmyanmar # အိပ်ပျော်နေစဉ်အမျိုးသားသုံးဦးကအနုကြမ်းဝင်စီး #ငွေသိန်း၂၃၀ကျော် ယူဆောင်သွား #ပဲခူးတိုင်း #အင်းတကော်နယ်မြေ #တာဝအုပ်စု #ဘီလူးကုန်းရွာ #

Related posts

Leave a Comment

VOM News

FREE
VIEW