ဟောင်ကောင်ဆန္ဒပြသူတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ အုပ်ချုပ်ရေးမှူးကာရီလမ် ကမ်းလှမ်းပြီ

ဟောင်ကောင်၊ ဇူလိုင်-၅-၂၀၁၉

မျိုးဆက် (VOM)

 

တစ်လကြာမြင့်ပြီဖြစ်တဲ့ နိုင်ငံရေးအကြပ်အတည်းကနေ  ဖိအားတွေလျော့ကျစေဖို့ ကြိုးစားမှုတစ်ရပ်အနေနဲ့ ဟောင်ကောင်တက္ကသိုလ်ကျောင်းသားတွေနဲ့ တွေ့ဆုံဆွေးနွေးဖို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ကမ်းလှမ်းတောင်းဆိုထားတယ်လို့ အုပ်ချုပ်ရေးမှူးရုံးက ဇူလိုင် ၄ ရက်မှာ ထုတ်ပြန်ပါတယ်။

 

တရုတ်အုပ်ချုပ်မှုအောက်ကို ဟောင်ကောင်ပြန်လည်ရောက်ရှိတဲ့ ၂၂ နှစ်မြောက် နှစ်ပတ်လည်နေ့ဖြစ်တဲ့ ဇူလိုင် ၁ ရက်မှာတော့ ဆန္ဒပြသူတွေဟာ ဟောင်ကောင်ပါလီမန်ကို ၀င်ရောက်စီးနင်းခဲ့ကြပါတယ်။

 

တရုတ်ပြည်မကြီးမှာ တရားစီရင်ဖို့အတွက် ကာရီလမ်ရဲ့  တရားခံလွှဲပြောင်းရေး ဥပဒေကြမ်းအပေါ် ပြီးခဲ့တဲ့လမှာ ဆန္ဒပြမှုတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပါတယ်။ အဲဒီဥပဒေကြမ်းနဲ့ ပတ်သက်ပြီး တွန်းအားပေးဆောင်ရွက် အားထုတ်မှုတွေကို ဆိုင်းငံ့ထားမယ်လို့ ဟောင်ကောင်အုပ်ချုပ်ရေးမှူး ကာရီလမ်က ပြောဆိုထားပါတယ်။ ဒါပေမယ့် ဥပဒေကြမ်းကို အပြည့်အ၀ ချက်ချင်းရုပ်သိမ်းပေးဖို့  ဆန္ဒပြသူတွေက တောင်းဆိုနေကြပါတယ်။

 

အုပ်ချုပ်ရေးမှူး ကာရီလမ်ဟာ တက္ကသိုလ်ကျောင်းသားတွေနဲ့ မကြာသေးမီက ဆန္ဒပြမှုတွေမှာ ပါဝင်ခဲ့တဲ့ လူငယ်တွေ အပါအဝင် တွေ့ဆုံဆွေးနွေးပွဲတစ်ခုအတွက် နောက်ခံအသိုင်းအ၀ိုင်း မတူညီတဲ့ လူငယ်တွေကို မကြာသေးမီက စတင်ဖိတ်ခေါ်ထားတယ်လို့ သူ့ရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ထုတ်ပြန်ချက်မှာ ပြောပါတယ်။

 

ဒါပေမယ့် တံခါးပိတ်အစည်းအဝေးတစ်အရပ်အဖြစ် ဆွေးနွေးပွဲကျင်းပဖို့  တောင်းဆိုတာကြောင့် အဲဒီကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ အဆင့်မြင့်ပညာတက္ကသိုလ်ရှစ်ခုထဲမှ တစ်ခုဖြစ်တဲ့ ဟောင်ကောင်သိပ္ပံနဲ့ နည်းပညာတက္ကသိုလ် ကျောင်းသားသမဂ္ဂက  ပြောပါတယ်။

 

တွေ့ဆုံဆွေးနွေးမှုမှာ ဟောင်ကောင်ပြည်သူတွေပါဝင်နိုင်ဖို့ တံခါးဖွင့်အစည်းအဝေးဖြစ်ရမယ့်အပြင် လူတိုင်းလူတိုင်းရဲ့ ပြောဆိုနိုင်တဲ့အခွင့်အရေးကိုလည်း ခွင့်ပြုပေးရမယ်လို့ အဲဒီကျောင်းသားသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

 

Ref : CNA

Photo : AFP

 

#voiceofmyanmar  # ဟောင်ကောင်ဆန္ဒပြသူတွေနဲ့တွေ့ဆုံဖို့ကမ်းလှမ်းပြီ # အုပ်ချုပ်ရေးမှူးကာရီလမ်  #တရားခံလွှဲပြောင်းရေးဥပဒေကြမ်း #တရုတ် #ဟောင်ကောင် #

Related posts

Leave a Comment

VOM News

FREE
VIEW