ကော့ဘဇားမှာ မိုးအဆက်မပြတ်ရွာလို့ ရိုဟင်ဂျာတွေနေထိုင်ရာ အဆောက်အဦတွေပျက်စီး

ကော့ဘဇား၊ ဇူလိုင်-၆-၂၀၁၉

မျိုးဆက် (VOM)

 

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးသွားတဲ့ ရိုဟင်ဂျာတွေ နေထိုင်နေတဲ့ ကော့ဘဇားဒုက္ခသည်စခန်းမှာ သုံးရက်ကြာ မိုးအဆက်မပြတ်ရွာသွန်းနေတာကြောင့် ရိုဟင်ဂျာ ၁၁ ဦးဒဏ်ရာရရှိခဲ့ပြီး ဒုက္ခသည်တွေ နေထိုင်တဲ့ ယာယီအဆောက်အဦ ၂၇၃ ခုပျက်စီးသွားတယ်လို့ ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီက ပြောပါတယ်။

 

ဇူလိုင် ၁ ရက်ကစပြီး ၇၂ နာရီအတွင်း ကော့ဘဇားဒေသမှာ ခန့်မှန်းမိုးရေချိန် ၃၅၀ မီလီမီတာအထိ ရွာသွန်းခဲ့ပြီး လာမယ့်သီတင်းပတ်အထိလည်း မိုးသည်းထန်စွာ ရွာသွန်းနိုင်ဖွယ် ရှိနေပါတယ်။ မိုးရွားသွန်းမှုကြောင့် မြေပြိုမှု ၂၆ ခုလည်း ဖြစ်ပွားခဲ့တယ်လို့ ကနဦးအစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

 

လက်ရှိမှာတော့ အမိုးအကာတွေ ပျက်စီးသွားသူတွေနဲ့ ကြိုတင်ကာကွယ်မှု လိုအပ်သူ နှစ်ထောင်ကျော်ကို ယာယီပြောင်းရွှေ့နေရာချပေးထားတယ်လို့ ဒုက္ခသည်အေဂျင်စီက တာဝန်ရှိသူတစ်ဦးဖြစ်သူ ချာလီရာစ်လေက ပြောပါတယ်။

 

ဒီလိုမိုးကာလမှာဖြစ်ပွားနိုင်တဲ့ ဘေးအန္တရာယ်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ဖို့အတွက် ကုလသမဂ္ဂဒုက္ခ သည်အေဂျင်စီ၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်အပါအ၀င် ဘင်္ဂလားဒေ့ရှ်အာဏာပိုင်တွေ၊ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးနဲ့ မိတ်ဖက်အဖွဲ့အစည်းတွေက လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။ ဒီလိုလုပ်ဆောင်မှုတွေမှာတော့ ကုန်းမြင့်တွေမှာ အဆောက်အဦတည်ဆောက်တာ၊ ရေနုတ်မြောင်း ဖောက်တာတွေနဲ့ လမ်း၊ တံတားတွေ တည်ဆောက်တာတွေ ပါဝင်တယ်လို့ ပြောပါတယ်။

 

လက်ရှိအချိန်ထိ ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ၂၀၁၉ ခုနှစ် ပူးတွဲအစီအစဉ်အတွက် လိုအပ်တဲ့ ဒေါ်လာ သန်း ၉၂၀ အနက် ဒေါ်လာ ၃၀၁ သန်းကို လက်ခံရရှိထားတယ်လို့ ဒုက္ခသည်အေဂျင်စီတာဝန်ရှိသူက ပြောပါတယ်။

 

Ref : Daily Star

Photo : Financial Express

 

#voiceofmyanmar # ကော့ဘဇား #မိုးအဆက်မပြတ်ရွာ #ရိုဟင်ဂျာတွေနေထိုင်ရာ အဆောက်အဦးတွေပျက်စီး #ဘင်္ဂလားဒေ့ရှ် #ကုလသမဂ္ဂဒုက္ခသည်အေဂျင်စီ #

Related posts

Leave a Comment

VOM News

FREE
VIEW