ဗစ်တိုးရီးယားအမှုနဲ့ပတ်သက်ပြီး လူမှုကွန်ယက်မှာ ရေးသားဖော်ပြနေတဲ့ သက္ကမိုးညို အကောင့်ပိုင်ရှင်ကို တရားစွဲဆို

နေပြည်တော်၊ ဇူလိုင် ၁၀ – ၂၀၁၉

ကိုထွန်း(VOM)

 

အများပြည်သူ စိတ်ဝင်စားနေတဲ့ ဗစ်တိုးရီးယားအမှုကိစ္စနဲ့ ပတ်သက်ပြီး လူမှုကွန်ယက်စာမျက်နှာမှာ အစဉ်တစိုက် ရေးသားဖော်ပြနေတဲ့ သက္ကမိုးညိုအကောင့်ပိုင်ရှင်ကို ရဲတပ်ဖွဲ့က တရားစွဲဆိုခဲ့ပါတယ်။

 

အဲဒီသက္ကမိုးညို အကောင့်ပိုင်ရှင်ဟာ ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဝင်းကိုကိုသိန်းဖြစ်ပြီး ဗစ်တိုးရီးယားအမှုမှာ  စီအိုင်ဒီရဲတပ်ဖွဲ့က လုပ်ဆောင်ချက်တွေ မှားယွင်းကြောင်း ရေးသားတဲ့အတွက်ဆိုကာ ပျဉ်းမနားမြို့နယ်၊ ရဲတပ်ဖွဲ့မှူး ရဲမှူးအေးမြင့်နိုင်ကနေ ဇူလိုင် ၉ ရက်က တရားလိုလုပ် အမှုဖွင့်ခဲ့တာ ဖြစ်ပါတယ်။

 

အီလက်ထရောနစ်ဥပဒေ ပုဒ်မ ၃၄(ဃ)နဲ့ အမှုဖွင့်ခဲ့တာဖြစ်ပြီး ပျဉ်းမနားရဲစခန်းမှာ ဒီနေ့ ဇူလိုင် ၁၀ ရက် မနက်ပိုင်းက ခေါ်ယူစစ်ဆေးခဲ့ကာ မွန်းလွဲပိုင်းမှာတော့ သိန်းတစ်ရာနဲ့ အာမခံပေးလိုက်တယ်လို့ သိရပါတယ်။

 

အီလက်ထရောနစ်ဥပဒေပုဒ်မ ၃၄(ဃ)ဟာ အာမခံပေးလို့ရတဲ့ပုဒ်မဖြစ်ပြီး ပြစ်မှုထင်ရှားရင်တော့ ငွေဒဏ် သိန်း ၅၀ ဒါမှမဟုတ် ထောင်ဒဏ် ၁ နှစ်ကနေ ၃နှစ်အထိ ကျခံနိုင်တယ်လို့ ပြဌာန်းထားပါတယ်​။

 

ပြီးခဲ့တဲ့ မေလက နေပြည်တော် သပြေကုန်းက Wisdom Hill မူကြိုကျောင်းမှာ   အသက်သုံးနှစ်မပြည့်သေးတဲ့ မိန်းကလေးငယ်ကို မုဒိမ်းကျင့်တယ်ဆိုတဲ့ ဖြစ်စဉ် ဖြစ်ပေါ်ခဲ့တာပါ။ အဲဒီအမှုနဲ့ပတ်သက်ပြီး လက်ရှိမှာ ကျောင်းအုပ်ချုပ်ရေးမှူးရဲ့ ယာဉ်မောင်း အောင်ကျော်မျိုး (ခ) အောင်ကြီးကို ပုဒ်မ-၃၇၆ နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးတရားစွဲဆိုထားပါတယ်။

 

အဲဒီမူကြိုကျောင်းကိုလည်း လက်ရှိမှာယာယီပိတ်ထားပြီး ဒီဖြစ်စဉ်ဖြစ်သွားတဲ့အတွက် Wisdom Hill ကို ခွင့်ပြုချက်ပေးမှာ မဟုတ်တော့ဘူးလို့ သိရပါတယ်။ အလားတူပဲ Wisdom Hill က ဖွင့်လှစ်ထားတဲ့ အခြား အထက်တန်း၊ အလယ်တန်း ကိုယ်ပိုင်ကျောင်းတွေကိုလည်း ပြန်လည်စစ်ဆေးပြီး ဥပဒေနဲ့ညီညွတ်မှု မရှိရင် အရေးယူသွားမယ်လို့ သိရပါတယ်။

 

ဒီအမှုနဲ့ ပတ်သက်ပြီး ဗစ်တိုးရီးယားအတွက် အမှန်တရားပေါ်ပေါက်ဖို့ နေရာအတော်များများမှာ ဆန္ဒထုတ်ဖော်မှုတွေလည်း လုပ်ဆောင်ခဲ့ကြပါတယ်။

 

#voiceofmyanmar # ဗစ်တိုးရီးယားအမှု #လူမှုကွန်ယက်မှာရေးသားဖော်ပြ #သက္ကမိုးညို အကောင့်ပိုင်ရှင်ကိုဖမ်းဆီးစစ်ဆေးနေ#နေပြည်တော် #Wisdom Hillမူကြိုကျောင်း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW