ကုလအထူးကိုယ်စားလှယ် ရခိုင်ပြည်နယ်အရေး ANP နဲ့ဆွေးနွေး

စစ်တွေ၊ ဇူလိုင် ၁၀-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ်စတင်းဘာဂနာဟာ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ကို ဒီနေ့မနက်ပိုင်း ၉ နာရီခွဲအချိန်က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

 

အထူးကိုယ်စားလှယ်နဲ့အဖွဲ့တို့ဟာ ဒီမနက်ပိုင်းက ရခိုင်အမျိုးသားပါတီ (ANP) ထိပ်ပိုင်းခေါင်းဆောင်တွေနဲ့ လက်ရှိရခိုင် ပြည်နယ်အရေးအပါအဝင် စစ်ဘေးရှောင်တွေရဲ့အရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြပါတယ်။

 

“အဓိကကတော့ အချက်သုံးချက်ကိုမေးပါတယ်။ ရခိုင်ပြည်ရဲ့လက်ရှိအနေအထားမှာ ဘာတွေကိုကြုံတွေ့နေရသလဲ။ အထူးသဖြင့် ပြည်သူတွေထိခိုက်နစ်နာမှုတွေပေါ့။ နောက်ပြီးတော့ ရွေးကောက်ပွဲအတွက် ဘာတွေကိုပြောချင်လဲဆိုတာတွေပါ။ ကျမတို့ဘက်ကတော့ လတ်တလောအနေအထားမှာ အဆိုးဆုံးအခြေအနေကို ရောက်နေတယ်။ လယ်ယာလုပ်ငန်းတွေကို မလုပ်နိုင်ဘူး။ စစ်ဘေးရှောင်တွ စားဝတ်နေရေးအခက်အခဲရှိတယ်ဆိုတဲ့ အကြောင်းအရာတွေကို တင်ပြခဲ့တာ ဖြစ်ပါတယ်။”လို့ ရခိုင်အမျိုးသားပါတီရဲ့ မူဝါဒရေးရာကော်မတီဝင် ဒေါ်အေးနုစိန်က ပြောပါတယ်။

 

လက်ရှိမှာ ရခိုင်ပြည်နယ်အတွင်းက တချို့မြို့နယ်တွေမှာ ညမထွက်ရအမိန့် ၁၄၄ ကို ထုတ်ပြန်ထားတာနဲ့ အင်တာနက်လိုင်းတွေကို ဖြတ်တောက်ထားတာဟာ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲကို ကျင်းပနိုင်ဖို့အတွက် အခက်အခဲဖြစ်စေနိုင်တယ်လို့ သုံးသပ်ဆွေးနွေးခဲ့ကြပါတယ်။

 

“ကျမရဲ့အခုခရီးစဉ်ဟာ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေကို စိတ်ဝင်စားတယ်။ လာပြီးတော့လေ့လာတာပါ။ သုံးလေးငါးနေရာလောက်ကို သွားဖို့ရှိပါတယ်။ အဲ့ဒီမှာ လူတွေနဲ့စကားတွေပြောမယ်။ အဲ့ဒီကရလာတဲ့အခက်အလက်တွေကိုပဲ တင်ပြသွားဖို့ရှိပါတယ်။”လို့ မစ္စခရစ်တင်းဘာဂနာက ပြောကြားခဲ့ပါတယ်။

 

အထူးကိုယ်စားလှယ်နဲ့အဖွဲ့တို့ဟာ နေ့လည်ပိုင်းမှာတော့ စစ်တွေမြို့ပေါ်က ရခိုင်ဒုက္ခသည်စခန်းတစ်ခုဖြစ်တဲ့ မင်းဂံကယ်ဆယ်ရေးခစန်းကို သွားရောက်လေ့လာမှုတွေပြုလုပ်ခဲ့ပြီး မနက်ဖြန် ဇူလိုင်လ ၁၁ ရက်မှာတော့ မြေပုံမြို့ကို သွားရောက်လေ့လာမှုတွေ ပြုလုပ်မှာဖြစ်တယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ကုလအထူးကိုယ်စားလှယ် #ရခိုင်ပြည်နယ်အရေးဆွေးနွေး #ANP #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW