ခန္တီးမှာ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ချင်းတွင်းမြစ်ရေမြင့်တက်လာ

ခန္တီး၊ ဇူလိုင် ၁၀ – ၂၀၁၉

အောင်ဆန်းမြင့်(VOM)

 

စစ်ကိုင်းတိုင်း ခန္တီးမြို့မှာ ဇူလိုင် ၆ ရက်ကတည်းက မိုးအဆက်မပြတ် ရွာသွန်းနေမှုကြောင့် ချင်းတွင်းမြစ်ရေ မြင့်တက်လာပြီး အခုလိုမိုးဆက်တိုက်ရွာဦးမယ်ဆို စိုးရိမ်ရေအမှတ်ကို ရောက်ရှိနိုင်တယ်လို့ ဒေသခံအချို့ထံက သိရပါတယ်။

 

ခန္တီးမြို့ရဲ့ ချင်းတွင်းမြစ်ရေ စိုးရိမ်ရေအမှတ်ဟာ ၁၃၆၀ စင်တီမီတာ ဖြစ်ပြီး ဒီနေ့ မနက် ၆ နာရီခွဲအချိန်က မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနရဲ့ တိုင်းတာချက်တွေအရကတော့ စိုးရိမ်ရေအမှတ်  ၁၁၄၀ စင်တီမီတာအထိ ရောက်နေပြီလို့ သိရပါတယ်။ ဒါဟာ စိုးရိမ်ရေအမှတ်ရောက်ဖို့ ၂၂ဝ စင်တီမီတာသာလိုတော့တဲ့ အခြေအနေဖြစ်ပါတယ်။

 

“မိုးတွေက ရွာနေသေးတယ်။ မြစ်ရေက တစ်နာရီကို တစ်ပေနှုန်းတက်နေတယ်။ ဒီလိုမိုးရွာတာ အဆက်မပြတ်ဘူးဆိုရင် ချင်းတွင်းမြစ်ရေ ကြီးနိုင်တယ်။” လို့ ခန္တီးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်တေးက ပြောပါတယ်။

 

အခုလို မိုးအဆက်မပြတ် ရွာသွန်းမှုကြောင့် ခန္တီး၊ ဆင်သေ၊ လယယ်သွားတဲ့ လမ်းပိုင်းတွေမှာ သစ်ပင်တွေ လဲကျနေပြီး သွားလာရလည်း ခက်ခဲနေတယ်လို့ သိရပါတယ်။

 

“ခန္တီးမြို့မှာ ချင်းတွင်းမြစ်ရေဟာ စိုးရိမ်ရေအမှတ် ၁၃၆၀ စင်တီမီတာကိုတော့ မရောက်ရှိသေးပါဘူး။ ဒါပေမယ့် မိုးတွေရွာနေမယ်ဆိုရင်တော့ စိုးရိမ်ရတယ်။” လို့ ဒေသခံ ကိုစိုးမင်းသူကလည်း ပြောပါတယ်။

 

မနေ့ မနက် ၆ နာရီခွဲအချိန်ကနေ ဒီနေ့ မနက် ၆ နာရီခွဲ (၂၄နာရီ)အတွင်းမှာတော့ ခန္တီးမြို့ ချင်းတွင်းမြစ်ရေဟာ ၃၈၅ စင်တီမီတာတက်လာခဲ့တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

 

ဒီနေ့ညနေအထိ မိုးလေဝသခန့်မှန်းချက်က စစ်ကိုင်းတိုင်းအောက်ပိုင်းမှာ နေရာကွက်ကြား မိုးရွာသွန်းနိုင်ပြီး စစ်ကိုင်းတိုင်းအထက်ပိုင်းမှာတော့ နေရာကွက်မိုးကြီးနိုင်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနက ကြေညာထားပါတယ်။

 

 

#voiceofmyanmar #ခန္တီး #မိုးအဆက်မပြတ်ရွာသွန်း #ချင်းတွင်းမြစ်ရေမြင့်တက်လာ #စစ်ကိုင်း #မိုးလေဝသနှင့်ဇလဗေဒ

 

Related posts

Leave a Comment

VOM News

FREE
VIEW