မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် ဦးအောင်ကြည်ကို အဆိုပြုတင်သွင်း

မန္တလေး၊ ဇူလိုင် ၁၁ – ၂၀၁၉

နေသူ(VOM)

 

မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်ကို ဒီနေ့ ကျင်းပတဲ့ တိုင်းလွှတ်တော် အထူးအစည်းအဝေး (ပထမနေ့) မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က အဆိုပြုတင်သွင်းခဲ့ပါတယ်။

 

“ဝန်ကြီးဖြစ်လာမယ်ဆိုရင် အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်သွားမှာပါ။ ကျန်တာတွေတော့ အခုအချိန်မှာ ပြောဖို့ စောပါသေးတယ်။” လို့ ဦးအောင်ကြည်က ပြောပါတယ်။

 

ဝန်ကြီးအဖြစ် အဆိုပြုခံရတဲ့ ဦးအောင်ကြည် (အသက် ၆၄ နှစ်)ဟာ  B.Ecom(Stats) ဘွဲ့ရရှိထားပြီး ကျောက်ဆည်မြို့ အမှတ် (၅၄) ဆူးကုန်းရပ်တောင်ပိုင်းမှာ နေထိုင်သူ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်မှာ ဦးအောင်ကြည်ဟာ ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မတီရဲ့ ဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။

 

တိုင်းလွှတ်တော်  ကိုယ်စားလှယ်သက်တမ်း ၃ နှစ်ကျော်ကာလအတွင်း လွှတ်တော်အတွင်း ကြယ်ပွင့်ပြ မေးခွန်းနဲ့အဆိုတွေ တင်သွင်းခဲ့ခြင်း မရှိပေမယ့်လည်း  ကြယ်ပွင့်မပြမေးခွန်း (၂၆) ခု မေးမြန်းထားခဲ့တယ်လို့ ဦးအောင်ကြည်ရဲ့ လွှတ်တော်မှတ်တမ်းတွေအရ သိရပါတယ်။

 

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေအရ တိုင်းဒေသကြီး အဖွဲ့အစည်းရဲ့ဝန်ကြီးအဖြစ် အဆိုပြုခံရတဲ့ ဦးအောင်ကြည်ဟာ ပြဌာန်းထားတဲ့ ဝန်ကြီးအရည်အချင်းတွေနဲ့ မပြည့်စုံခဲ့ရင် ခိုင်လုံတဲ့ သက်သေအထောက်အထားတွေနဲ့ ပူးတွဲတင်ပြပြီး ဒီနေ့ နေ့လည် ၂ နာရီ နောက်ဆုံးထားကာ လွှတ်တော်မှာ တင်သွင်းကန့်ကွက်နိင်တယ်လို့ တိုင်းလွှတ်တော် ဥက္ကဌက ပြောကြားခဲ့ပါတယ်။

 

လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် မန္တလေးတိုင်းဝန်ကြီးအဖြစ် ကန့်ကွက်ခြင်း၊ အတည်ပြုခြင်း လုပ်ငန်းစဉ်တွေကို ဇူလိုင် ၁၂ ရက်မှာ ကျင်းပမယ့် အစည်းအဝေးမှာ ဆက်လက်လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

 

 

#voiceofmyanmar # မန္တလေးတိုင်း #လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး #ဦးအောင်ကြည်ကိုအဆိုပြုတင်သွင်း #ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် #

Related posts

Leave a Comment

VOM News

FREE
VIEW