ကျူးရှင်းလင်းရေးဆောင်ရွက်နေစဉ် ဟန့်တား နှောင့်ယှက်ခဲ့သူတွေကို အမှုဖွင့်အရေးယူ

မန္တလေး၊ ဇူလိုင် ၁၂-၂၀၁၉

ရဲရင့်မင်းခန့် (VOM)

 

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ရေနီမြောင်းအနီး လမ်း ၇၀ နဲ့ ၇၃လမ်းကြားမှာ စည်ပင်သာယာက လမ်းမြေဖောက်မှာဖြစ်တဲ့အတွက် ကျူးကျော်နေထိုင်နေတဲ့ အိမ်တွေကို ရှင်းလင်းရာမှာ ထိခိုက်ဒဏ်ရာရအောင် ဝင်ရောက်ဟန့်တားခဲ့သူတွေကို အမှုဖွင့် အရေးယူထားတယ်လို့ နယ်မြေရဲစခန်းက သိရပါတယ်။

 

မနေ့ ဇူလိုင် ၁၁ ရက် မနက်ပိုင်းက ရဲတပ်ဖွဲ့နဲ့ တာဝန်ရှိသူတွေဟာ ကျူးကျော်ဆိုသူတွေကို ရှင်းလင်းဖယ်ရှားနေစဉ် အဲဒီမှာ နေထိုင်သူတွေကလည်း သူတို့ဟာ အထောက်အထားအစုံနဲ့ နေထိုင်နေတာဖြစ်တယ်ဆိုပြီး မဖယ်ရှားဘဲ ခဲတွေနဲ့ ပစ်ပေါက်ခဲ့တာကြောင့် ရဲတပ်ဖွဲ့က ရာဘာကျည်ပစ်ဖောက် ခြောက်လှန့်ခဲ့ပါတယ်။

 

” ဒီမြေကို သူတို့ပိုင်တယ်ဆိုပြီး စာလာပို့တယ်၊ ကျနော်တို့ကလည်း ဘိုးစဉ်ဘောင်ဆက်က လုပ်ကိုင်စားသောက်လာတဲ့ တောင်သူပါ။ ကျနော်တို့က ၁၉၉၉ ခုနှစ်ကတည်းက နေလာပြီး ၂၀၀၁-၂၀၀၂ အထိ အခွန်ထမ်းဆောင်ခဲ့တာပါ။ ” လို့ နေအိမ်ဖျက်ဆီးခံရတဲ့ တောင်သူဦးနေဝင်းက မနေ့က ပြောပါတယ်။

 

အဲဒီလို နှစ်ဖက် ရုန်းရင်းဆန်ခတ်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ဦး၊ စည်ပင်ဝန်ထမ်း ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး ပြန်လည်ခုခံခဲ့သူတွေကို ညနေပိုင်းမှာပဲ သက်ဆိုင်ရာ နယ်မြေအမှတ် ၁၁ ရဲစခန်းမှာ အမှုဖွင့် အရေးယူထားတယ်လို့ အဲဒီရဲစခန်းက သိရပါတယ်။

 

“လက်ရှိတော့ တရားခံတွေကို ဖမ်းဆီးပြီးအမှုဖွင့်ထားပါတယ်။ ကျန်တဲ့တရားခံတွေကို ဖမ်းဖို့ဆောင်ရွက်သွားမှာပါ။” လို့ အဲဒီရဲစခန်းက ဒုရဲအုပ်တစ်ဦးက ပြောပါတယ်။

 

သက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဟန့်တားနှောင့်ယှက်ခဲ့တဲ့အတွက် ဦးနေဝင်းအပါ ၂၀ ဦးကို အမှတ် ၁၁ နယ်မြေရဲစခန်းက စခန်းမှူး ဒုရဲမှူးဇော်နိုင်ကနေ တရားလိုပြုလုပ်တိုင်တန်းခဲ့တာဖြစ်ပြီး ကျူးလွန်ခဲ့တဲ့ ဇော်နု၊ ထက်အောင်ရှိုင်း၊ ကျော်စိုး၊ မတင်တင်ညို၊ မပြုံးရီ ( ခ )မချို တို့ကို ပ/၄၃၉ /၂၀၁၉  ရာဇသတ်ကြီး ပုဒ်မ  ၃၃၃ /၂၉၄ / ၁၈၆ /၁၁၄  တို့နဲ့ အမှုဖွင့် အရေးယူဖမ်းဆီးထိန်းသိမ်းထားပြီး ကျန်တဲ့သူတွေကိုလည်း ဖမ်းဆီးရမိရေး ဆောင်ရွက်နေတယ်လို့ သိရပါတယ်။

 

ကျူးရှင်းလင်းရေးဆောင်ရွက်ခဲ့တဲ့နေရာမှာ ကျူးကျော်နေထိုင်နေတဲ့ အိမ်ခြေပေါင်း (၂၉၇) လုံးအထိရှိပြီး မန္တလေးမြို့ခံတွေအပြင် အခြားဒေသတွေက လာရောက်နေထိုင်သူတွေလည်း ရှိတယ်လို့ မြို့တော်စည်ပင်သာယာက သိရပါတယ်။

 

ဒါ့အပြင် ဒီရှင်းလင်းမှု မဆောင်ရွက်ခင်က အဲဒီကျူးကျော်နေထိုင်သူတွေကို မန္တလေးစည်ပင်သာယာရေးကော်မတီကနေ နို့တစ်စာ သုံးကြိမ်တိုင်တိုင်ပေးပို့ခဲ့ပေမယ့် မဖယ်ရှားပေးလို့ အခုလို ဖယ်ရှားရှင်းလင်းခဲ့ရတာလို့ သိရပါတယ်။

 

#voiceofmyanmar #ကျူးရှင်းလင်း #သေနတ်ပစ်ဖောက်ထိန်းခဲ့ရ # မန္တလေးမြို့#ချမ်းမြသာစည် #ရေနီမြောင်းအနီး #၇၀ နဲ့ ၇၃လမ်းကြား #

 

 

Related posts

Leave a Comment

VOM News

FREE
VIEW