စစ်ပွဲတွေရပ်စဲရေးအတွက် ပြည်ပအကူအညီတွေ လိုအပ်နေတယ်လို့ ရခိုင်လွှတ်တော်အကြံပြု

စစ်တွေ၊ ဇူလိုင် ၁၂-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်လွှတ်တော်နဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စခရစ္စတင်း ရှာရာနာဘာဂနာတို့ မနေ့ ဇူလိုင် ၁၁ ရက်က တွေ့ဆုံဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

 

အဲ့ဒီတွေ့ဆုံမှုမှာ လက်ရှိရခိုင်ပြည်နယ်အတွင်းမှာဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခအခြေအနေတွေ၊ ဒုက္ခသည်အရေးကိစ္စတွေနဲ့ ဘင်္ဂါလီအရေးကိစ္စတွေကို ဆွေးနွေးခဲ့တာဖြစ်တယ်လို့ ရခိုင်ပြည်နယ်လွှတ်တော်ကနေ သိရပါတယ်။

 

 

“မစ္စဘာဂနာကတော့ ရခိုင်ပြည်နယ်ရဲ့ လက်ရှိအခြေအနေတွေ၊ စစ်ရေးကိစ္စတွေကို ရပ်စဲဖို့နဲ့ ဘင်္ဂါလီတွေ ပြန်လည် လက်ခံရေးကိစ္စတွေကို မေးမြန်းတာပေါ့။ ဒုက္ခသည်တွေရဲ့အခက်အခဲတွေနဲ့ပတ်သက်လို့ ဘယ်လို ဆောင်ရွက်သင့်လဲဆိုတာတွေကို ဆွေးနွေးကြတာပါ။”လို့ ရခိုင်ပြည်နယ်လွှတ်တော် ဒုတိယဥက္ကဌ ဦးမြသန်းက ပြောပါတယ်။

 

 

ဒါ့အပြင် ရခိုင်ပြည်နယ်အတွင်းမှာ နေရပ်စွန့်ခွာထွက်ပြေးနေကြရတဲ့ စစ်ဘေးရှောင်ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေးအခက်အခဲတွေနဲ့ပတ်သက်လို့ ဘယ်လိုဖြေရှင်းနိုင်မလဲဆိုတာအပြင် ရခိုင်စစ်ပွဲတွေကို ရပ်စဲနိုင်ရေးနဲ့ပတ်သက်လို့ အကြံအညဏ်တွေကိုလည်း ရယူခဲ့တယ်လို့ ဆိုပါတယ်။

 

 

“လက်ရှိရခိုင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲတွေကိုရပ်စဲရေးအတွက် ဘာတွေဆောင်ရွက်ဖို့လိုလဲလို့ မေးတဲ့အပေါ်မှာတော့ ကျနော်တို့က ဒါကို ပြည်ထောင်စုအစိုးရ ဒါမှမဟုတ် မြန်မာနိုင်ငံသားတွေမဟုတ်ဘဲ ပြည်ပနိုင်ငံတွေကနေ ကြားဝင်ပြီးတော့ ညှိနိုင်းပေးဖို့ လိုအပ်တယ်လို့ ထောက်ပြဆွေးနွေးခဲ့ပါတယ်။”လို့ ဦးမြသန်းက ပြောပါတယ်။

 

 

မစ္စဘာဂနာဟာ ရခိုင်ပြည်နယ်ရဲ့ နှစ်ရက်တာခရီးစဉ်မှာ ရခိုင်ပြည်နယ်လွှတ်တော်အပြင် ရခိုင်အမျိုးသားပါတီ၊ ရခိုင်အမျိုးသမီးအဖွဲ့အစည်းတွေ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေနဲ့လည်း တွေ့ဆုံပြီး လက်ရှိ ရခိုင်ပြည်နယ်အရေးကိစ္စတွေကို ဖြေရှင်းဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

 

 

ဓါတ်ပုံ – ရခိုင်ပြည်နယ်လွှတ်တော်

 

#voiceofmyanmar #စစ်ပွဲတွေရပ်စဲရေး #ပြည်ပအကူအညီတွေလိုအပ် #ရခိုင်လွှတ်တော်အကြံပြု  #ကုလသမဂ္ဂ #မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် #မစ္စခရစ္စတင်းရှာရာနာဘာဂနာ #ရခိုင် #စစ်တွေ

Related posts

Leave a Comment

VOM News

FREE
VIEW