ယာဉ်တိုက်မှုဖြစ်လို့ သေဆုံးသူတွေကို ဆေးရုံပို့ပေးခဲ့တဲ့ကား အပြန်မှာ အဲဒီကားလည်း ယာဉ်မတော်တဆဖြစ် ယာဉ်မောင်းသေ

မုံရွာ၊ ဇူလိုင် ၁၂ -၂၀၁၉

ဗျဂ္ဃ (VOM)

 

 

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်အတွင်း ကားနှစ်စီး မျက်နှာချင်းဆိုင်တိုက်မှုကြောင့် သေဆုံးခဲ့သူတွေနဲ့ ဒဏ်ရာရသူတွေကို နာမှုကူညီရေးအသင်းကားတစ်စီးက ဆေးရုံပို့ပေးခဲ့ပြီး အပြန်မှာ အဲဒီကားလည်း ယာဉ်မတော်တဆမှုဖြစ်ပြီး ယာဉ်မောင်းသေဆုံးသွားတယ်လို့ အမှတ် ၁၁၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး(မုံရွာ)က သိရပါတယ်။

 

 

“အဝေးပြေးလမ်းပေါ်က မုံရွာ-မန္တလေးလမ်းပေါ်က ပထမယာဉ်တိုက်မှုကိုတော့ ချောင်းဦးမြို့မရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။ မုံရွာက ယာဉ်တိုက်မှုကိုတော့ မုံရွာမြို့မရဲစခန်းမှာပဲ အမှုဖွင့်ထားပါတယ်။”လို့ အမှတ် ၁၁၂ ယာဉ်ထိန်းတပ်ဖွဲ့စုမှူးရုံး(မုံရွာ)မှ ဒုရဲမှုး ဇော်ဝင်းနိုင်က ပြောပါတယ်။

 

 

ဖြစ်စဉ်မှာ မနေ့ ဇူလိုင် ၁၁ ရက်က မုံရွာ – မန္တလေးလမ်းမကြီး မိုင်တိုင်အမှတ် ၆၅/၂-၃ ကြား၊ ချောင်းဦးမြို့နယ်၊ ငါးယှန်ကျေးရွာအနီးမှာ  မြိုင်မြို့ကနေ မန္တလေးကို ထွက်ခွာလာတဲ့ ရွှေမန်းသူ ခရီးသည်ယာဉ်နဲ့ မြင်းမူမြို့ကနေ မုံရွာမြို့ကိုသွားတဲ့ ဟိုက်ဂျက်ကားတို့ မျက်နှာချင်းဆိုင်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။

 

 

ဒီယာဉ်တိုက်မှုကြောင့် ရွှေမန်းသူခရီးသည်ယာဉ်ပေါ်က ခရီးသည်တွေတော့ ထိခိုက်ဒဏ်ရာရတာ မရှိခဲ့ပေမယ့် ဟိုက်ဂျက်ပေါ်မှာ ပါလာတဲ့ ယာဉ်မောင်းအပါအဝင် ခရီးသည် ၂ ဦးကတော့ နေရာတင် သေဆုံးမှုဖြစ်ပေါ်ခဲ့ပြီး နောက်တစ်ဦးမှာတော့ လက်ကျိုးဒဏ်ရာ ရရှိခဲ့လို့ ချောင်းဦးဆေးရုံကို မြင့်မြတ်သုခ လူမှုကူညီရေး အသင်းကားနဲ့ ပို့ဆောင်ခဲ့ရပါတယ်။

 

 

သေဆုံးသူသုံးဦးနဲ့ ဒဏ်ရာရရှိခဲ့သူတွေကို ချောင်းဦးမြို့၊ ပြည်သူ့ဆေးရုံကြီးကနေ မုံရွာမြို့ ပြည်သူ့ဆေးရုံကြီးကို  မြင့်မြတ်သုခ လူမှုကူညီရေးအသင်းက နှစ်ကြိမ်ခွဲကာ ပို့ဆောင်ပေးခဲ့တာပါ။

 

 

အဲဒီ မြင့်မြတ်သုခ လူမှုကူညီရေးအသင်းကားဟာ လူနာတွေပို့ပြီး အပြန်မှာတော့ ယာဉ်မောင်း အောင်ဟိန်းလင်းတစ်ယောက်တည်း မောင်းနှင်ပြီးပြန်လာစဉ် မုံရွာတောင်ရပ်ကွက်၊ ဗိုလ်ချုပ်လမ်းပေါ်မှာ အမျိုးသမီးတစ်ဦး စီးလာတဲ့ ဆိုင်ကယ်နဲ့ မတော်တဆ ချိတ်မိပြီး အရှိန်လွန်ကာ လမ်းဘေးက တမာပင်ကိုဝင်တိုက်လို့ ဦးခေါင်းနောက်စေ့ပေါက်ပြဲဒဏ်ရာ၊ ရင်ဘတ်ညိုမဲဒဏ်ရာတွေနဲ့ ယာဉ်မောင်းမှာ နေရာတင် သေဆုံးသွားပါတယ်။

 

 

ဆိုင်ကယ်စီးလာသူ အမျိုးသမီးမှာလည်း အပေါ်ယံ ထိခိုက်ပွန်းပဲ့ဒဏ်ရာအချို့ရရှိခဲ့တဲ့အတွက်  မုံရွာဆေးရုံကြီးကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။

 

 

ယာဉ်တိုက်မှုတွေနဲ့ပတ်သက်ပြီး ရွှေမန်းသူ ခရီးသည်တင်ယာဉ်မောင်း စောဆက်စံ (၂၆ နှစ်)နဲ့ ဟိုက်ဂျက်ယာဉ်မောင်း သန့်စင်ဖြိုး (၂၆ နှစ်) တို့ကို ချောင်းဦးမြို့မရဲစခန်းမှာ ယာဉ်(ပ) ၃၅/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က/၃၃၈ အရ အမှုဖွင့်ထားပါတယ်။

 

 

မုံရွာမြို့က ယာဉ်တိုက်မှုကိုတော့ ယာဉ်မောင်း သေဆုံးသူ အောင်ဟိန်းလင်းကို ယာဉ်မဆင်မခြင်မောင်းနှင်မှုနဲ့ ယာဉ်(ပ)၇၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄(က)/၃၃၇ နဲ့ မုံရွာမြို့မ ရဲစခန်းမှာ အမှုဖွင့်ထားတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ယာဉ်တိုက်မှု #မြင့်မြတ်သုခလူမှုကူညီရေးအသင်း #ရွှေမန်းသူ #စစ်ကိုင်း #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW