တိုင်းလူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီးနေရာနဲ့ တိုင်းတရားလွှတ်တော် တရားသူကြီးနေရာမှာ ဝန်ကြီးချုပ်အဆိုပြုထားသူတွေကို လွှတ်တော်က သဘောတူ

မန္တလေး၊ ဇူလိုင် ၁၁ – ၂၀၁၉

နေသူ(VOM)

 

ဒီနေ့ ကျင်းပတဲ့ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အထူးအစည်းအဝေး (ဒုတိယန့) မှာ မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် ဦးအောင်ကြည်နဲ့ အနားယူသွားခဲ့တဲ့ တိုင်းတရားလွှတ်တော် တရားသူကြီးနေရာမှာ ဒုတိယညွှန်ကြားရေးမှူး ဒေါ်လှမြင့်တို့ကို  ခန့်အပ်ဖို့ လွှတ်တော်က သဘောတူညီခဲ့ပါတယ်။

 

သူတို့နှစ်ဦးကို မနေ့က တိုင်းလွှတ်တော်အထူးအစည်းအဝေးမှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဆိုပြုတင်သွင်းခဲ့တာဖြစ်ပြီး ဒီကနေ့မှာ လွှတ်တော်က အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

 

မန္တလေးတိုင်း လူဝင်မှုကြီးကြပ်ရေးနဲ့ လူ့စွမ်းအားအရင်းအမြစ် ဝန်ကြီးအဖြစ် ကျောက်ဆည်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအောင်ကြည်နဲ့ အငြိမ်းစားယူသွားတဲ့ မန္တလေးတိုင်း တရားလွှတ်တော် တရားသူကြီးနေရာမှာ ခရိုင်တွဲဖက်တရားသူကြီး အဖြစ်တာဝန်ထမ်းဆောင်ခဲ့ဖူးတဲ့ ဒေါ်လှမြင့်တို့ကို ခန့်အပ်ဖို့ သဘောတူညီခဲ့တာပါ။

 

ဒေါ်လှမြင့်( ၅၆ နှစ်)ဟာ ဧရာဝတီတိုင်း  ဓနုဖြူမြို့ အမှတ် ၄ ရက်ကွက် လမ်းမတော်လမ်းမှာ နေထိုင်နေပြီး ရှေ့နေရှေ့ရပ်နဲ့ စစ်ဆေးရေးဌာန၊ ပြည်ထောင်စု တရားစီရင်ရေး ကြီးကြပ်မှုရုံး ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှာ ဒုညွှန်ကြားရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေသူ ဖြစ်ပါတယ်။

 

ဦးအောင်ကြည် (အသက် ၆၄ နှစ်)ကတော့  B.Ecom(Stats) ဘွဲ့ရရှိထားပြီး ကျောက်ဆည်မြို့ အမှတ် (၅၄) ဆူးကုန်းရပ်တောင်ပိုင်းမှာ နေထိုင်သူ ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီ အစိုးရလက်ထက်မှာ ကျင်းပခဲ့တဲ့ ဒုတိယအကြိမ် တိုင်းဒေသကြီးလွှတ်တော်မှာ ဦးအောင်ကြည်ဟာ ဒေသန္တရစီမံကိန်း၊ အရအသုံးငွေစာရင်းနဲ့ ဘဏ္ဍာရေးဆိုင်ရာကော်မတီရဲ့ ဥက္ကဌတစ်ဦးလည်း ဖြစ်ပါတယ်။

 

 

#voiceofmyanmar # မန္တလေးတိုင်း #လူဝင်မှုကြီးကြပ်ရေးနဲ့လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး #ဦးအောင်ကြည်#ဝန်ကြီးချုပ်ဒေါက်တာဇော်မြင့်မောင် # တိုင်းတရားလွှတ်တော်တရားသူကြီး #ဒေါ်လှမြင့်

 

 

Related posts

Leave a Comment

VOM News

FREE
VIEW