မင်းတုန်း၊ ဇူလိုင် ၁၂ -၂၀၁၉
ဂျန်ကိုးလ်(VOM)
မကွေးတိုင်း သရက်ခရိုင် မင်းတုန်းမြို့မင်းတုန်းချောင်းမှာ ဒီနေ့ (ဇူလိုင် ၁၂ ရက်) နေ့လည်ပိုင်းက ကျောင်းကြိုစက်လှေတစ်စီးတိမ်းမှောက်လို့ ကျောင်းသူ ၄ ဦးပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
မင်းတုန်းမြို့ရဲ့တဘက်ကမ်းမှာရှိတဲ့ ပေါက်ကိုင်းရွာကနေမင်းတုန်းမှာကျောင်းတက်ကြရတဲ့ ကျောင်းသူ၊ကျောင်းသားတွေ ကျောင်းဆင်းချိန်အိမ်အပြန်မှာ အသက်၂၄ နှစ်အရွယ် ဇာနည်အောင်မောင်းနှင်တဲ့ စက်လှေဟာ ရေစီးသန်တဲ့ချောင်းအလယ်မှာ တိမ်းမှောက်ခဲ့တာလို့ သိရပါတယ်။
”မူးချောင်းနဲ့မင်းတုန်းချောင်းခေါ် မထုံးချောင်းဆုံနေရာမှာ ရေစီးပိုကြမ်းတယ်။ အဲဒီနေရာမှာ ရေစီးကိုမလှန်နိုင်ဘဲ မှောက်သွားတာ။ စက်လှေက ကြီးပါတယ်။ ၂၅ တောင်အရှည်ရှိတယ်။ ကျနော်တို့စက်လှေ ၃ စီးနဲ့ရှာနေတာ။”လို့ သဘာဝဘေး ကယ်တင်ရေး ပရဟိတအသင်းက ဦးမြင့်အောင်က ပြောပါတယ်။
ရေထဲမှာ မျောပါပျောက်ဆုံးနေသူတွေကတော့ ၇တန်းကျောင်းသူ နှစ်ဦးဖြစ်တဲ့ မသက်မွန်ဇူလိုင် (၁၃နှစ်)နဲ့ မဇွန်ပွင့်ဖြူ (၁၃နှစ်)၊ ကိုးတန်းတက်နေတဲ့ မဂျူးဂျူးဟန် (၁၅နှစ်)နဲ့ မချစ်စုဝေ (၁၅နှစ်) တို့ကို ဒီကနေ့ ညနေ ၆ နာရီအထိ ရှာမတွေ့သေးဘူးလို့ ပရဟိတအဖွဲ့ဝင်တွေက ပြောပါတယ်။
”မြစ်ပြင်ကျယ်တွေမှာလို စက်လှေမှောက်ရင် အသက်ကယ်ဘော၊ အသက်ကယ်အင်္ကျီဆိုတာတွေမရှိဘူး။ ဖြစ်ကာမှကြပ်မှာ မဖြစ်ခင်တော့ဒီအတိုင်းဘဲဖြစ်နေကြတာ၊ အမှန်ကပြဌာန်းချက်အတိုင်းကို ရှိရမှာ။”လို့ အမည်မဖေါ်ပြလိုတဲ့ ကျောင်းဆရာတစ်ဦးက ပြောပါတယ်။ စက်လှေပေါ်မှာ ကျောင်းသူ ၁၁ ဦး၊ ကျောင်းသား တစ်ဦးနဲ့ ဈေးရောင်းဈေးဝယ်ပြန်အရပ်သူ အရပ်သား စုစုပေါင်း ၁၈ ဦးပါတယ်လို့ သိရပါတယ်။
#voiceofmyanmar #မင်းတုန်း #စက်လှေမှောက် #ကျောင်းသူ ၄ ဦးပျောက်ဆုံးနေ #မကွေး #သရက်