နေပြည်တော်၊ ဇူလိုင် ၁၃-၂၀၁၉
ကိုထွန်း (VOM)
လုံခြုံရေး အထပ်ထပ် စစ်ဆေးခံပြီးမှဝင်ရတဲ့ နေပြည်တော်က လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ဧည့်ရိပ်သာမှာ ရန်ကုန်တိုင်းက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ဇနီးပိုင် လက်ဝတ်လက်စားတွေ ပျောက်ဆုံးမှုဖြစ်ပွားခဲ့ပြီး ဒီနေ့မှာတော့ ခိုးယူသူကို ဖမ်းဆီးရမိပြီလို့ ဇမ္ဗူသီရိမြို့နယ်၊အမှတ်(၁)မြို့မရဲစခန်းက သိရပါတယ်။
ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးရဲ့ ဇနီးပိုင် သိန်းတစ်ရာကျော်ဖိုးရှိ လက်ဝတ်လက်စားတွေ ဇူလိုင် ၁၁ရက် ညပိုင်းက ခိုးယူခံခဲ့ရတာဖြစ်ပြီး ခိုးယူသူဟာ စည်ပင်ဧည့်ရိပ်သာအတွင်းမှာပဲ နေထိုင်နေတဲ့ ပြည်ထောင်စုနယ်မြေက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်တစ်ဦးရဲ့ ချွေးမဖြစ်သူက ခိုးယူခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
” ရေချိုးဖို့ လက်ဝတ်လက်စားတွေပါတဲ့ ဗူးကို အိတ်ထဲထည့် ရေချိုးနေတုန်း ပြူတင်းတံခါးကို ကလန့်ပြီး အခန်းထဲ ကုတင်ပေါ်က ဆလင်းဘက်အိတ်ကိုဆွဲယူ ရွှေဘူးကိုနှိုက်ယူတယ်ပေါ့ ။ပြီးတော့ အိတ်ကိုပြန်ထားတဲ့အချိန်မှာ အမျိုးသမီးက လက်ကိုလှမ်းမြင်လို့ လိုက်ဆွဲတယ် ။ အော်ပါတယ်။ ဒါပေမယ့် အနီးဝန်းကျင်မှာ ဘယ်သူမှမရှိကြဘူး။ ကိုယ်စားလှယ်တွေက မရောက်သေးဘူးလေ၊ ပြူ တင်းဘောင်ပေါ်မှာ ဆွဲကြိုးတကုံးနဲ့ လက်စွပ်တစ်ကွင်းကျန်ခဲ့တယ်။’ လို့ ရန်ကုန်တိုင်း ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တစ်ဦးက ပြောပါတယ်။
ခိုးခံရတဲ့အထဲမှာ ၂၅သိန်းတန် စိန်လက်ကောက်၊ ၁၀ သိန်းတန် စိန်လက်စွပ်၊ ၁၈ သိန်းတန် ပုလဲစိန်ကွပ်ထားတဲ့ လက်စွပ်တကွင်း၊ တကွင်း ၅မူးသားရှိတဲ့ ပိုက်ပွ ရွှေလက်ကောက် ၉ ကွင်းနဲ့ ၆ သိန်းတန် ဖုချိန်း တခု စုစုပေါင်း ၁၀၄ သိန်းခန့်ဖိုး လက်ဝတ်လက်စားတွေ ခိုးယူခံခဲ့ရတာပါ။
ဒါကြောင့် လက်ဝတ်လက်စားပိုင်ရှင်ကနေ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၁)ရဲစခန်းကို ဇူလိုင် ၁၁ ရက်က လာရောက်တိုင်တန်းခဲ့တဲ့အတွက် (ပ) ၁၄၂/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၈၀ နဲ့ အမှုလက်ခံဖွင့်လှစ်ပေးခဲ့ပြီး ဒီနေ့ မနက်အစောပိုင်းမှာတော့ ခိုးယူသူကို လက်ဝတ်လက်စားတွေနဲ့အတူ ဖမ်းဆီးရမိခဲ့တဲ့အတွက် သူ့ကို အမှတ်(၁)မြို့မရဲစခန်းအချုပ်မှာ ချုပ်နှောင်ထားပြီလို့ သိရပါတယ်။
#voiceofmyanmar #နေပြည်တော် #စည်ပင်ရိပ်သာ #လက်ဝတ်လက်စားတွေခိုးယူသူဖမ်းမိ #