ရွှေကျင်​မြို့နယ်​ ငြိမ်းချမ်း​ရေးအဖွဲ့ ကွန်​ဖဲ့အထူး​ဒေသမှာ စာသင်​​ကျောင်းနဲ့​ ဆေး​ပေးခန်း​တွေမရှိလို့ အခက်​အခဲဖြစ်​​နေ

ရွှေကျင်​၊ ဇူလိုင်​ ၁၃ -၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ​ရွှေကျင်​မြို့နယ်​ ငြိမ်းချမ်းရေးအဖွဲ့ ကွန်​ဖဲ့အထူး​ဒေသမှာ စာသင်​​ကျောင်း၊ ​ဆေး​ပေးခန်းနဲ့ လမ်း​တွေ ပြုပြင်​​ပေးမှုမရှိလို့  ​ဒေသခံ​တွေ အခက်​အခဲဖြစ်​​နေတဲ့အတွက် ဒီ​နေ့​ ဇူလိုင် ၁၃ ရက်မှာ တိုင်းဝန်​ကြီးချုပ်​နဲ့ လူထု​တွေ့ဆုံပွဲမှာ ထပ်မံ ​တောင်းဆိုခဲ့တယ်​လို့ KNU/KNLA ငြိမ်းချမ်း​ရေးအဖွဲ့က ​သိရပါတယ်​။

 

“ကျနော်တို့ဒေသမှာ ကျန်းမာရေး ဆေးပေးခန်း၊ ဆေးရုံ မရှိတဲ့အခါကျတော့ ၁၇ မိုင်လောက်ဝေးတဲ့ ရွှေကျင်မြို့နယ်ကို သွားရတယ်။ နွေရာသီမှာတော့ ကားနဲ့သွားလို့ရတယ်။ မိုးတွင်းမှာတော့ သွားလို့မရဘူး။ ရေလမ်းနဲ့ပဲသွားလို့ရတယ်။ လမ်းပန်းဆက်သွယ်ရေးလည်း တအားခက်ခဲတယ်။ ကလေးတွေလည်း ကွန်ဖဲ့မှာပဲ ကိုယ်ထူကိုယ်ထနဲ့ စာသင်နေရတယ်။ ဒါကြောင့် စာသင်ကျောင်းရချင်တယ်။” လို့ ကွန်ဖဲ့ငြိမ်းချမ်းရေးအထူးဒေသ ဥက္ကဌ ဦးစောထီးမှူးက ပြောပါတယ်။

 

အဲဒီဒေသဟာ အရင်က အထက်တန်းကျောင်းရှိခဲ့ပေမယ့် စစ်ပွဲဖြစ်ပွားမှုတွေကြောင့် ပျက်စီးခဲ့တာပါ။ ၂၀၁၁ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှာတော့  ငြိမ်းချမ်းရေးယူခဲ့ပြီး ငြိမ်းချမ်းရေးမိသားစုတွေ အပါအဝင် အနီးပတ်ဝန်းကျင်က ရှမ်းရွာ၊ ကုလားသင်္ချိုင်းရွာ၊ ကျွန်းတောဝရွာ၊ အောင်တံခွန်ရွာတွေမှာ နေထိုင်တဲ့ လူဦးရေ ငါးထောင်ကျော်ရှိပြီး  စာသင်ကျောင်း၊ ဆေးပေးခန်းနဲ့ လမ်းတွေပြုပြင်ပေးဖို့ လိုအပ်နေတာလို့ သိရပါတယ်။

 

လက်ရှိအဲဒီဒေသမှာ ကျောင်းသူ၊ ကျောင်းသား ၆၀ ကျော်ရှိပြီး ကိုယ်ထူကိုယ်ထ စနစ်နဲ့ ပညာသင်ကြားနေရတယ်လို့ သိရပါတယ်။ စာသင်​​ကျောင်း၊ ဆေး​ပေးခန်း​နဲ့ လမ်းတွေပြုပြင်​​ပေးဖို့ ပဲခူးတိုင်း ဝန်​ကြီးချုပ်​ထံကို ဒီနှစ် ဧပြီ ၉ ရက်​​က စာတင်​​တောင်းဆိုထားခဲ့ပေမယ့် လက်ရှိအချိန်ထိ ထူးခြားမှုမရှိသေးဘူးလို့ ထပ်မံတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

 

#voiceofmyanmar # ရွှေကျင် #ကွန်ဖဲ့အထူးဒေသမှာစာသင်ကျောင်းနဲ့ဆေးပေးခန်းတွေမရှိလို့ အခက်အခဲဖြစ်နေ #ပဲခူး # KNU/KNLA

Related posts

Leave a Comment

VOM News

FREE
VIEW