ပြည်ပကို ကိုယ်တိုင်မွေးမြူထားတဲ့ ကျွဲ၊ နွား​တွေကိုပဲ တရားဝင်တင်ပို့ခွင့်ပြုမယ်

ရန်ကုန်၊ ဇူလိုင် ၁၅ – ၂၀၁၉

သူရိန်(VOM)

 

ကျွဲ၊ နွား​တွေ ပြည်ပကို တရားဝင်တင်ပို့ရောင်းချရာမှာ ကိုယ်တိုင်မွေးမြူထားတဲ့ မွေးမြူရေးခြံထွက် ကျွဲ၊ နွား​တွေကိုပဲ ပြောင်းလဲတင်ပို့ခွင့်ပြုသွားမယ်​လို့ စီးပွားရေးနဲ့ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သိရပါတယ်​။

 

လက်ရှိမှာ​တော့ ဝယ်ယူစုဆောင်းရောင်းချတဲ့ ပုံစံနဲ့သာ ကျွဲ၊ နွား​တွေကို တင်ပို့ရောင်းချခွင့်ပြုထားတာ ဖြစ်​ပြီး နောက်ပိုင်းမှာတော့ ကိုယ်တိုင်မွေးမြူ တင်ပို့ရမယ့်စနစ်ကို တဖြည်းဖြည်းပြောင်းလဲကျင့်သုံးသွားမှာ ဖြစ်ပါတယ်။

 

“ဒီပုံစံက မွေးမြူတဲ့ဘက်မှာလည်း တိုးတက်လာအောင်ပါ။ အရင်းအနှီးရှိတဲ့သူက အကောင်ရေများများမွေးရင် မွေးမြူရေးဘက်မှာလည်း တိုးတက်လာမယ်။ အခုက တောင်သူတွေ၊ မွေးမြူရေးသမားတွေ တစ်ပိုင်တစ်နိုင် မွေးတဲ့အပေါ်မှာပဲမူတည်ပြီး ပိုလျှံတဲ့ ကျွဲနွားတွေကို တင်ပို့နေရတာ။”လို့  စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောပါတယ်​။

 

ကိုယ်တိုင်မွေးမြူပြီး တင်ပို့တဲ့စနစ်က တောင်သူတွေအတွက် အမှန်တကယ် အကျိုးရှိတာကြောင့် ပြောင်းလဲကျင့်သုံးဖို့ ကျွဲ၊နွားမွေးမြူတင်ပို့သူများ အကြံပေးဘုတ်အဖွဲ့ဝင် အချို့က အကြံပြုတိုက်တွန်းခဲ့တာလို့ သိရပါတယ်။ ဒီစနစ်ကို ပြောင်းလဲလိုက်ရင်တော့ ကျွဲ၊ နွားမွေးမြူတဲ့ တောင်သူတွေအနေနဲ့ အရင်ကထက် ထိုက်သင့်တဲ့ အကျိုးအမြတ် ပိုမိုရရှိလာမှာ ဖြစ်ပါတယ်။

 

“ဝယ်ယူစုဆောင်းခွင့်နဲ့ သွားတဲ့အခါကျတော့ တကယ်မွေးတဲ့သူတွေက အခွင့်အရေးမရဘဲနဲ့ လုပ်ငန်းရှင်တွေပဲ လုပ်စားသွားကြတာ၊ လူတစ်စုပဲအကျိုးရှိတာ။ အဲဒီမူဝါဒကို သိပ်မကြိုက်လို့ ကိုယ်တိုင်မွေးတဲ့သူတွေ ရောင်းရဖို့ ရည်ရွယ်ပြီး အကြံပြုလိုက်တာ။ ဒီပုံစံက အခြေခံ လူတန်းစားတွေအတွက် တကယ်အကျိုးရှိတယ်။”လို့ ကန့်ဘလူမြို့နယ် ကျွဲ၊နွားတောင်သူ ဦးသောင်းငွေက ပြောပါတယ်​။

 

ပြည်ပကို ကျွဲ၊ နွားအရှင် တရားဝင်တင်ပို့ခွင့်ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလက စတင်ခွင့်ပြုခဲ့တာဖြစ်​ပြီး အခု ကိုယ်​ပိုင်​​မွေးမြူ​ရေးခြံက​နေ တင်​သွင်းခွင့်​ကိုတော့ ဒီနှစ်​ကုန်​မှာ စတင်မယ်လို့ သိရပါတယ်။

 

#voiceofmyanmar # ပြည်ပကိုကိုယ်တိုင်မွေးမြူ #ကျွဲ၊ နွားတွေကိုပဲတရားဝင်တင်ပို့ခွင့်ရမယ် #စီး/ကူးဝန်ကြီးဌာန #ရန်ကုန် #ကန့်ဘလူ

Related posts

Leave a Comment

VOM News

FREE
VIEW