၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေး ထောက်ခံပွဲ ရန်ကုန်နဲ့ မုံရွာမှာ ပြုလုပ်

ရန်ကုန်၊ ဇူလိုင် ၁၇ – ၂၀၁၉

သိဂီ င်္၊ရန်နိုင်စိုး (VOM)

 

ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)ပြင်ဆင်ရေး ထောက်ခံပွဲကို ရန်ကုန်မြို့နဲ့ မုံရွာမြို့တို့မှာ ဒီနေ့ ဇူလိုင် ၁၇ ရက် မနက်ပိုင်းက ပြုလုပ်ခဲ့ကြပါတယ်။

 

“ပြည်သူက တင်မြှောက်ထားတဲ့ အစိုးရဖြစ်တယ်။ ပြည်သူကဝန်းရံတယ်။ တခြားနယ်မှာ လုပ်တာတွေနဲ့ အဆက်အစပ် မရှိပါဘူး။ ဒီပွဲက ပြည်သူက လုပ်တာပါ။”လို့ ရန်ကုန်မှာပြုလုပ်ခဲ့တဲ့ ထောက်ခံပွဲကော်မတီဝင် ဦးသန်းနိုင်ထွေးက ပြောပါတယ်။

 

ရန်ကုန်မြို့ မဟာဗန္ဓုလပန်းခြံရှေ့မှာ  လူထောင်ချီပူးပေါင်း လုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး အဲဒီထောက်ခံပွဲမှာ ဝန်းရံသူတွေအတွက် ၂၀၀၈ ခြေ၊ဥ ပြင်ဆင်ရေးကို ထောက်ခံပါက လက်မှတ်ပါဝင်ရေးထိုးဖို့ လက်မှတ်ကောက်ခံတဲ့ နေရာတွေလည်း ပြုလုပ်ထားပါတယ်။ ရရှိတဲ့လက်မှတ်စာရင်းကို အများပြည်သူသိအောင် ထုတ်ပြန်ပေးမှာဖြစ်ပြီး လောလောဆယ်စာရင်းအရတော့ လူအင်အား ၃၀၀၀ လောက် ပါဝင်ရေးထိုးခဲ့တယ်လို့ သိရပါတယ်။

 

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ တင်သွင်းခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး ၄၅ ဦးကော်မတီရဲ့ အစီရင်ခံစာကို ပြည်သူလူထုထောက်ခံပွဲ ခေါင်းစဉ်နဲ့ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

 

မုံရွာမြို့ပေါ်မှာ ပြုလုပ်ခဲ့တဲ့ထောက်ခံပွဲမှာလည်း လူအင်အား ထောင်ချီပါဝင်ခဲ့ပြီး စစ်ကိုင်းတိုင်းဝန်ကြီးချုပ်လည်း လာရောက်အားပေးခဲ့ပါတယ်။ ဒါ့အပြင် မုံရွာခရိုင်ထဲက မြို့တော်တော်များများမှာလည်း ထောက်ခံပွဲတွေ ပြုလုပ်ခဲ့ကြပါတယ်။

 

မုံရွာမြို့ခံ ကိုရာဇာကတော့ ” ကျနော်တို့ပြည်သူက မကြိုက်ရင် ပြင်ကိုပြင်ရမှာပါ။ ပြင်ဆင်ရာမှာ ပြည်သူလိုချင်တဲ့ အချက်တွေ ထည့်သွင်းပေးဖို့ အားလုံးက မျှော်လင့်ထားတာ။ ဒါကြောင့် အခုလို ထောက်ခံပွဲကို ပါဝင်ရတာပါ။ ” လို့ ပြောပါတယ်။

 

 

#voiceofmyanmar #၂၀၀၈ ခြေ၊ဥပြင်ဆင်ရေး #ထောက်ခံပွဲ #ရန်ကုန် #မုံရွာ

Related posts

Leave a Comment

VOM News

FREE
VIEW