မန္တလေးမှာ ဝါတွင်းကာလ သံဃာတော် ၃၇၀၀၀ အတွက် ဆွမ်းဆန်လောင်းလှူ

မန္တလေး၊ ဇူလိုင် ၁၈ – ၂၀၁၉

ဖြူဖြူ (VOM)

 

မြန်မာ ဓလေ့ထုံးထမ်းအရ ဝါဝင်ပြီဆိုတာနဲ့ ဆွမ်းဆန်စိမ်းလောင်းလှူပွဲတွေ ကျင်းပလေ့ရှိပါတယ်။ ဝါတွင်းကာလမှာ မိုးရွာတတ်တဲ့အကြိမ်အခါတွေများတာကြောင့် သံဃာတော်တွေအနေနဲ့ ဆွမ်းခံထွက်ဖို့ အခက်အခဲရှိတတ်တော့ ဆွမ်းကွမ်းလိုအပ်မှုတွေ ရှိတတ်ပါတယ်။ ဒါ့အပြင် သံဃာ့ထုံးထမ်းအစဉ်အလာအရ ပရိယတ္တိစာပေတွေကို ဝါတွင်းကာလမှာ အထူးလေ့လာသင်ကြားနေတာကြောင့်လည်း ဆွမ်းဆန်လိုအပ်တတ်ပါတယ်။ အဲဒါကြောင့် ဆွမ်းအတွက် မပူပန်ရအောင် ဆန်လှူအသင်းတွေက လောင်းလှူလေ့ ရှိကြပါတယ်။

 

မန္တလေးမြို့မှာလည်း ချမ်းသာကြီး ဆန်လှူအသင်းကနေ ဝါဆိုသံဃာ ၃၇၀၀၀ ကျော်အတွက် ဆွမ်းဆန်တွေ လောင်းလှူနေပြီ ဖြစ်ပါတယ်။ မန္တလေးခရိုင်အတွင်းရှိ ခြောက်မြို့နယ်က ဝါဆိုသံဃာတွေအတွက် ဒီနေ့ ဝါဆိုလဆုတ် ၂ ရက်ကနေ ၈ ရက်အထိ လှူဒါန်းသွားမှာပါ။

 

ဝါဆိုသံဃာတစ်ပါးကို ဆွမ်းဆန် ၄ ပြည် ၊ လွယ်အိတ်တစ်လုံး၊ ဆွမ်းစားပန်းကန် တစ်ချပ် လှူဒါန်းနေတာ ဖြစ်ပါတယ်။ အခုလို လှူဒါန်းနိုင်ဖို့အတွက် နတ်တော်လဆန်းကနေစပြီး အလှူခံအဖွဲ့ ၂ ဖွဲ့ ဖွဲ့စည်းကာ နယ်မြေအလိုက် အလှူခံခဲ့ကြတာလို့ သိရပါတယ်။

 

ဒီနှစ်မှာတော့ ဆန်တင်းပေါင်း ၈၀၀ ကျော်ရရှိပြီး အရင်နှစ်တွေကထက် ပိုတယ်လို့ သိရပါတယ်။ အခုလို ဆန်လှူအသင်းတွေကနေ လှူဖွယ်တွေ လှူဒါန်းတဲ့အတွက် သံဃာတော်တွေနဲ့ ကျောင်းတိုက်တွေက စာသင်သားတွေ၊ ပရဟိတကျောင်းတွေမှာရှိတဲ့ ကျောင်းသားတွေအတွက်လည်း အထောက်အကူပြုတယ်လို့ သိရပါတယ်။ ချမ်းသာကြီး ဆန်လှူအသင်းအနေနဲ့ကတော့ နှစ်စဉ် ဝါတွင်းကာလမှာ ဆွမ်းဆန်လောင်းလှူလာတာဟာ ဒီနှစ်ဆိုရင် အကြိမ်ငါးဆယ်ရှိပြီ ဖြစ်ပါတယ်။

 

#voiceofmyanmar #ဝါတွင်း #သံဃာ #ချမ်းသာကြီးဆန်လှူအသင်း #မန္တလေး

 

Related posts

Leave a Comment

VOM News

FREE
VIEW