မန္တလေးတက္ကသိုလ် အားကစားကွင်း ပုဂ္ဂလိကလက် ပေးဖြစ်မလား

မန္တလေး၊ ဇူလိုင် ၂၂ – ၂၀၁၉

ဖြူဖြူ (VOM)

 

မန္တလေးတက္ကသိုလ်ပိုင် ကျောင်းတွင်းအားကစားကွင်းကို ပုဂ္ဂလိကကုမ္ပဏီတစ်ခုက နှစ်ရှည်ငှားရမ်းဖို့ ကမ်းလှမ်းချက်အပေါ် ကျောင်းသားအချို့က ကန့်ကွက်နေပေမယ့် အထက်အဆင့်ဆင့်ရဲ့ ဆုံးဖြတ်ချက်အတိုင်း လုပ်ဆောင်သွားမယ်လို့ ကျောင်းအုပ်ချုပ်ရေးဘက်က သိရပါတယ်။

 

ကျောင်းပိုင် အားကစားကွင်းကို ပုဂ္ဂလိက ကုမ္ပဏီတစ်ခုက ကနဦး ၁၀ နှစ်၊ နောက်ပိုင်းမှာ အနှစ် ၂၀ အကျိုးတူငှားရမ်းဖို့ အဆိုပြုထားတာဖြစ်ပြီး ဒီအပေါ်မှာ ကျောင်းသားသမဂ္ဂတွေ၊ လက်ရှိ ကျောင်းသား၊ ကျောင်းသူအချို့နဲ့ ကျောင်းသားဟောင်းအချို့က ကန့်ကွက်နေကြပါတယ်။

 

ဒါပေမယ့် လက်ရှိအခြေအနေဟာ ကုမ္ပဏီဘက်က အဆိုပြုတဲ့အဆင့်သာရှိသေးပြီး ဒီအပေါ်မှာ သဘောတူမတူဆိုတာကိုတော့ ကျောင်းသားသမဂ္ဂ၊ ဆရာသမဂ္ဂ၊ ကျောင်းသားဟောင်းတွေ၊ ပြင်ပအားကစားသမားတွေနဲ့ ကျောင်းစီမံခန့်ခွဲသူတွေ အားလုံးရဲ့သဘောထားကောက်ယူကာ အထက်အဆင့်ဆင့်တင်ပြပြီးမှ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ မန္တလေးတက္ကသိုလ် ဒုပါချုပ် ဒေါက်တာတင်ထွန်းအောင်က ပြောပါတယ်။

 

“အားလုံး ဆွေးနွေးပြီး အဲဒီအပေါ်မှာမှ သဘောတူတယ်ဆိုလည်းတူတယ်၊ မတူဘူးဆိုလည်းမတူဘူးပေါ့။ ဒါပေမယ့် အဲလိုတူတယ်၊ မတူဘူးရရင်တောင် ကျနော်တို့က ခွင့်ပြုလို့ မရသေးဘူး။ လုပ်ထုံးလုပ်နည်းသဘော သဘာဝအရ အထက်အဆင့်မြင့်ပညာဦးစီးဌာန၊ ဝန်ကြီးဌာန အဲဒီကနေ ဆက်တိုက်တက်သွားရအုံးမှာ။ ကျနော်တို့ ဆုံးဖြတ်လို့မရဘူး။” လို့ ဆိုပါတယ်။

 

စာချုပ်မှာတော့ နှစ်ရှည်အကျိုးတူ ပူးပေါင်းလုပ်ကိုင်ဖို့ ပါဝင်ပြီး ဒီလိုအကျိုးတူပူးပေါင်းရာမှာ ဝင်ငွေကို ကုမ္ပဏီဘက် ၇၀ ရာခိုင်နှုန်း၊ တက္ကသိုလ်ဘက်က ၃၀ ရာခိုင်နှုန်း ရရှိမှာ ဖြစ်ပါတယ်။  ဒါ့အပြင် စာချုပ်ပါရည်ရွယ်ချက်မှာ မန္တလေးတက္ကသိုလ် အားကစားကွင်းကို ပိုမိုကောင်းမွန်လာစေဖို့၊ အားကစားတွေ ပုံမှန်လုပ်ဆောင်နိုင်ဖို့ ပါဝင်ပေမယ့် တက္ကသိုလ်ဘက်က အသုံးပြုချိန်ဟာ မနက် ၆ နာရီကနေ ၈နာရီ၊ ညနေ ၃ နာရီကနေ ၅ နာရီအတွင်း ကုမ္ပဏီရဲ့လုပ်ငန်းစဉ်နဲ့ မတိုက်ဆိုင်ရင် အခမဲ့ အသုံးပြုနိုင်တယ်လို့ သတ်မှတ်ထားပါတယ်။

 

တက္ကသိုလ်ပိုင် အားကစားကွင်းကို ကျောင်းသားတွေ အချိန်ပြည့်အသုံးမပြုနိုင်သလို ကျောင်းတွင်းမှာ ပြင်ပကလူတွေ အချိန်မရွေးဝင်ထွက်ခွင့်ရသွားမှာဖြစ်တာကြောင့် ဒါကိုကျောင်းသားတွေဘက်ကတော့ ကန့်ကွက်သွားမယ်လို့ ဆိုပါတယ်။

 

“ဒါကို ကုမ္ပဏီကိုသာ ငှားရမ်းလိုက်မယ်ဆိုရင် ကုမ္ပဏီကနေ အပြင်ဘောလုံးပွဲတွေ၊ အားကစားပွဲတွေကိုငှားမယ်။ အဲဒါဆို ဘောလုံးကွင်းက public area(အများဆိုင်နေရာ) ဖြစ်သွားမယ်။ အဲဒါဆို အပြင်က လူရာချီ၊ ထောင်ချီရောက်လာမယ်။ နဂိုကတည်းကမှ မန္တလေးတက္ကသိုလ် လုံခြုံရေးက စိုးရိမ်ရတဲ့အနေအထား၊ အရင်ကဆိုရင် ဆိုင်ကယ်ပျောက်တာတွေ၊ လုယက်မှု၊ ဓါးထိုးမှုတွေ ခနခနဖြစ်တာ။ ခုလိုသာဆို လုံခြုံရေးထိန်းချုပ်လို့ မရနိုင်ဘူးလို့ မြင်တယ်။” လို့ ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ မယမင်းသူက ပြောပါတယ်။

 

ဒါ့အပြင် စာချုပ်ပါဖော်ပြချက်တွေအရ အားကစားကွင်းကို မန္တလေးတက္ကသိုလ်ဘက်က အသုံးပြုမယ်ဆိုရင် ကြိုတင် register ပြုလုပ်ရမှာဖြစ်သလို အားကစားကွင်းရဲ့မြေခွန်ကိုလည်း အငှါးချထားသူ(မန္တလေးတက္ကသိုလ်)ဘက်ကပဲ ထမ်းဆောင်ရမယ်လို့ ပါဝင်ပါတယ်။ ဘောလုံးကွင်းအတွင်း အဖျက်အနှောက်အဖွဲ့တွေ၊ မတရားအသင်းအဖွဲ့တွေ မရှိစေဖို့ကိုလည်း မန္တလေးတက္ကသိုလ်က  တာဝန်ယူရမှာ ဖြစ်ပါတယ်။

 

“အနှစ်သုံးဆယ်ဆိုတာ အစိုးရခြောက်ဆက်လောက်ရှိတယ်။ အဲတော့နောက်ထပ် နစ်နာမယ့်သူတွေက လာမယ့်မျိုးဆက်တွေဖြစ်တယ်။ ကိုယ့်ဘောလုံးကွင်း ကိုယ်ကန်တာတောင်မှာ မှတ်ပုံတင်ရမယ်၊ ကန်ချင်တာတောင် ကောင်းကောင်းမကန်ရတဲ့အခြေအနေဆိုတော့ အဲ့ဒီအတွက်ကြောင့် ကန့်ကွက်မယ်။” လို့ မယမင်းသူက ပြောပါတယ်။

 

လောလောဆယ် စာချုပ်ကို ကျောင်းသားကျောင်းသူတွေကို ချပြထားပြီးဖြစ်ပြီး လာမယ့် ဇူလိုင် ၂၄ ရက်မှာတော့ ကျောင်းသားတွေ၊ အားကစားသမားတွေကို အစည်းအဝေးခေါ်ပြီးတော့ ဘယ်လိုဆက်လုပ်သွားမလဲဆိုတာ ဆုံးဖြတ်မယ်လို့ မန္တလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂက သိရပါတယ်။

 

#voiceofmyanmar #မန္တလေးတက္ကသိုလ် #ဘောလုံးကွင်းကို နှစ်ရှည်ငှားရမ်း#ကန့်ကွက် #ပုဂ္ဂလိကငှားရမ်း

Related posts

Leave a Comment

VOM News

FREE
VIEW