မြန်မာ့ ဒီမိုကရေစီ ဘယ်ကိုသွားမလဲ အမေရိကန် စီးပွားရေးလုပ်ငန်းရှင်တွေလည်း သတိထားစောင့်ကြည့်

မန္တလေး၊ ဇူလိုင် – ၂၂ – ၂၀၁၉

ဖြူဖြူ (VOM)

 

မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးက ဘယ်ဘက်ကိုဆက်သွားမလဲဆိုတာကို အမေရိကန်စီးပွားရေးကုမ္ပဏီတွေကလည်း သတိထားစောင့်ကြည့်နေတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ဒုတိယသံအမတ်ကြီး George Sibley က ပြောဆိုပါတယ်။

 

“လူတွေရဲ့ရင်ထဲမှာ အမြဲတမ်းမေးခွန်းတစ်ခုရှိတာက ဒီအသွင်ကူးပြောင်းရေးက ဘယ်ဘက်ကို ဆက်သွားမှာလဲ၊ ဘယ်လိုဆက်သွားမှာလဲဆိုတာ အမြဲတမ်းစောင့်ကြည့်ကြတယ်။ အမေရိကန် ကုမ္ပဏီတွေကလည်း အလားတူပဲ သတိထားပြီးတော့ ကြည့်ကြတယ်။ တချို့ကတော့ လာချင်တယ်ဆို ချက်ချင်းရောက်လာတာရှိပေမယ့် တချို့ကတော့ အချိန်ယူပြီးစောင့်ကြည့်တယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီဟာ အပြုသဘောဆောင်တဲ့ ဘက်ကိုသွားနေတယ်၊ ဆက်ပြီးတော့လည်း သွားအုံးမယ်လို့ ခန့်မှန်းတွေ့ရှိမယ်ဆိုရင် အနာဂါတ်မှာ လာရောက် ရင်းနှီးမြှုပ်နှံမှုပမာဏက အများကြီးတိုး လာနိုင်ပါတယ်။” လို့ ဆိုပါတယ်။

 

ဒီနေ့ ဇူလိုင် ၂၂ ရက် မနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်း(MRCCI)ရုံးမှာ ကျင်းပတဲ့ အမေရိကန်ဒုတယသံအမတ်ကြီးနဲ့ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲအပြီးမှာ အဲဒီလို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်မှာ လုပ်လို့ရမယ့် လုပ်ငန်းတွေ၊ မြန်မာနိုင်ငံမှာ လုပ်လို့ရမယ့် လုပ်ငန်းတွေအကြောင်းကို မြန်မာလုပ်ငန်းရှင်တွေနဲ့ လာရောက်ဆွေးနွေးကြတာ ဖြစ်ပါတယ်။

 

ဆွေးနွေးပွဲကို တက်ရောက်လာတဲ့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဦးကျော်မျိုးလှိုင်ကတော့ အဲဒီပွဲကနေ အနာဂါတ် စီးပွားရေးပလန်တွေရရှိခဲ့သလို အမေရိကန်ကို တင်ပို့ချင်တဲ့ အစာခြောက်ဈေးကွက်နဲ့ ပတ်သက်ပြီး အမေရိကုန်ကုမ္ပဏီတွေနဲ့ ချိတ်ဆက်အကောင်အထည် ဖော်နိုင်ဖို့ကိုလည်း ဆွေးနွေးရရှိလိုက်တယ်လို့ ပြောပါတယ်။

 

လက်ရှိမြန်မာနိုင်ငံမှာ တရုတ်နဲ့ အာရှနိုင်ငံတွေက ရင်းနှီးမြှုပ်နှံမှုများနေပြီး အမေရိကန် ရင်းနှီးမြှုပ်နှံမှုကတော့ နည်းနေပါသေးတယ်။ ဒါပေမယ့် လက်ရှိ မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ ဖွံ့ဖြိုးတိုးတက်လာသလို ဆင်းရဲမွဲတေမှုနှုန်းကျဆင်းနေပြီး လူလတ်တန်းစားတွေလည်း တဖြည်းဖြည်းတိုးလာနေတဲ့အတွက်ကြောင့် ဒီဈေးကွက်အခြေအနေဟာ အမေရိကန်စီးပွားရေး လုပ်ငန်းရှင်တွေအတွက် စိတ်ဝင်စားစရာဖြစ်နေတယ်လို့ သိရပါတယ်။

 

ဒါကြောင့် ဒီအခြေအနေကို ပိုတိုးတက်ဖို့ဆိုရင် မြန်မာအစိုးရနဲ့ အမေရိကန်အစိုးရတို့ကြားမှာ ပူးပေါင်းလုပ်ဆောင်ဖို့ လိုတယ်လို့ အမေရိကန် ဒုတိယ သံအမတ်ကြီးက မှတ်ချက်ပြုပါတယ်။ အဲဒီလို လုပ်တဲ့နေရာမှာလည်း လက်တွေ့ကျကျသုံးသပ်ပြီး လုပ်ဖို့လိုသလို မြန်မာနိုင်ငံမှာရှိတဲ့ စီးပွားရေးနဲ့ဆိုင်တဲ့ ဥပဒေတွေကို အကောင်အထည်ဖော်တဲ့အခါမှာရော၊ လက်တွေ့ကျင့်သုံးတဲ့နေရာမှာပါ ရှေ့နောက်ညီညွတ်ဖို့ ကိုလည်း အကြံပြုခဲ့ပါတယ်။

 

ဒါ့အပြင် သံအမတ်ကြီးက “တချို့သော တင်းကျပ်နေတဲ့ စည်းမျဉ်း၊ စည်းကမ်းတွေကို လျှော့ပေးလိုက်မယ်ဆိုရင် လုပ်ရတာ ပိုလွယ်သွားပါလိမ့်မယ်။ တဖက်မှာလည်း မြန်မာနိုင်ငံမှာ ဈေးကွက်မဖွင့်ရသေးတဲ့ စီးပွားရေး လုပ်ငန်းနယ်ပယ်တွေ အများကြီးရှိတယ်။ အဲတော့ အဲဒီနေရာတွေကိုသာ ဈေးကွက်ဖွင့်ပေးလိုက်မယ်ဆိုရင် အများကြီး အထောက်အကူပြုလိမ့်မယ်။” လို့ ဆိုပါတယ်။

 

အခုဆိုရင် စီးပွားရေးကဏ္ဍနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံက ထင်သာမြင်သာဆောင်ရွက်လိုက်တဲ့အထဲမှာ ကုမ္ပဏီများဆိုင်ရာ အက်ဥပဒေ၊ မကြာသေးမီက ဈေးကွက်ဖွင့်ပေးလိုက်တဲ့ အာမခံလုပ်ငန်းနယ်ပယ်တွေဟာ  အပြုသဘောဆောင်တယ်လို့လည်း ပြောပါတယ်။

 

MRCCI ဥက္ကဋ္ဌ ဦးကျော်မင်းကတော့ “ကျနော်တို့နိုင်ငံက နိုင်ငံကြီးတွေကြားမှာ တကယ့်မဟာဗျူဟာကျတဲ့ နိုင်ငံဖြစ်တယ်။ ဆိုတော့ အဲဒီဟာကို ကျနော်တို့အနေနဲ့ ကောင်းကောင်း အသုံးချတတ်ဖို့ပဲ အရေးကြီးတယ်။ အဲတော့ နိုင်ငံကြီးတွေကြားထဲမှာနေပြီး အကုန်လုံး relations (ဆက်ဆံရေး) ပေါ့နော်၊ ဘယ်နိုင်ငံနဲ့ဖြစ်ဖြစ် တစ်ဖက်စောင်းနင်းမဖြစ်ဘဲနဲ့ သွားမယ်ဆိုရင် တိုင်းပြည်ရဲ့အနာဂါတ်က အင်မတန်လှပမှာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

 

#voiceofmyanmar #မန္တလေး #MRCCI #အမေရိကန် #ကုန်သွယ်ရေး #မြန်မာဒီမိုကရေစီ #စီးပွားရေးလုပ်ငန်းရှင်တွေစောင့်ကြည့်နေ

Related posts

Leave a Comment

VOM News

FREE
VIEW