ကနီမြို့နယ်က ကျေးရွာတချို့မှာ ဆင်တုပ်ကွေးဖျားနာသူ များလာ

ကနီ၊ ဇူလိုင် ၂၃ – ၂၀၁၉

ရန်နိုင်စိုး (VOM)

 

စစ်ကိုင်းတိုင်း ကနီမြို့နယ် တွင်းမကျေးရွာအုပ်စုမှာ ကလေးငယ်တွေအပါအဝင် ဆင်တုပ်ကွေးလို့ပြောဆိုနေကြတဲ့ ဖျားနာမှုတွေ အတော်များများ ဖြစ်ပေါ်နေပါတယ်။

 

” ကလေး၊ လူကြီး တော်တော်များများ ဖျားနာနေတယ်။ ၁၀ ရက်လောက်ကတော့ မလှုပ်နိုင်ဘူး။ ကျေးရွာအုပ်စုမှာ ရာခိုင်နှုန်းနဲ့တွက်ရင် ၅၀ ကျော် ၆၀ ရာခိုင်နှုန်းအထိဖြစ်နေကြတာ။ အိမ်မှာ တစ်ယောက်ဖြစ်ရင် အကုန်ကူးကြတာ။ နာတာရှည်လူနာမျိုးဆို ပိုဆိုးတယ်။ ကျနော်တို့ရွာအုပ်စုမှာ ၅ ယောက်လောက် ဒီလထဲ သေဆုံးတယ်။” လို့ တွင်းမကျေးရွာနေ ဦးဝင်းက ပြောပါတယ်။

 

တွင်းမကျေးရွာအုပ်စုဝင် ငါးရွာရှိတဲ့အထဲမှာ ကျေးရွာ ၄ ရွာလောက်က တုပ်ကွေး ဖြစ်ပေါ်နေတာပါ။ တချို့ လူနာတွေကတော့ ကနီဆေးရုံမှာ ကုသနေရပြီး တုပ်ကွေးဖြစ်ပွားတဲ့ လူနာဦးရေစာရင်းကတော့ အတိအကျ မသိရသေးပါဘူး။

 

ကနီမြို့နယ် တိုင်းလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကလည်း ” ကျနော့်ဆီ ဒေသခံတွေက ဖုန်းနဲ့ ဆက်သွယ်လာတယ်။ ကျေးရွာတွေမှာ ဒီလိုဖြစ်နေပြီပေါ့။ ဒါနဲ့ မြို့နယ်ကျန်းမာရေးမေးတော့ ဆရာဝန်တွေက အသက်ဆုံးရှုံးလောက်တဲ့ထိ ပြင်းထန်တဲ့ အဖျားမျိုး မဟုတ်ဘူးလို့ သိရတယ်။ ဒါပေမယ့် ဒီအဖျားကို တော်တော်ခံစားနေကြရတယ်။ ” လို့ ပြောပါတယ်။

 

လက်ရှိမှာတော့ အခုဖျားနာမှုတွေနဲ့ ပတ်သက်လို့ မြို့နယ်ဆေးရုံကို အကြောင်းကြားထားပြီးဖြစ်ပေမယ့် အသေးစိတ် အစီစဉ်ကတော့ မသိရသေးဘူးလို့ ဦးထွန်းထွန်းဝင်းက ပြောပါတယ်။

 

အဲဒီတုပ်ကွေးရောဂါဟာ ခြင်ကြောင့်အများဆုံးဖြစ်တတ်သလို ကူးဆက်မှုရှိပေမယ့် အသက်အန္တရာယ်ထိတော့ ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်။ ဒါ့အပြင် အဲဒီတုပ်ကွေးဟာ အများအားဖြင့် မိုးရာသီမှာ အဖြစ်များတတ်တာ ဖြစ်ပါတယ်။ ကနီမြို့နယ်မှာ အခုလို ဆင်တုပ်ကွေးရောဂါ အများအပြားခံစားရတာကတော့ ဒါဟာ ပထမဆုံးအကြိမ်လို့ ဒေသခံတွေ ပြောပြချက်အရ သိရပါတယ်။

 

#voiceofmyanmar #ဆင်တုပ်ကွေး #စစ်ကိုင်း #ကနီ #တွင်းမကျေးရွာ

Related posts

Leave a Comment

VOM News

FREE
VIEW