အထက်မင်းလှမှာ ၇ နှစ်အရွယ်မိန်းကလေး အဓမ္မပြုကျင့်ခံရ

မင်းလှ၊ ဇူလိုင် -၂၃-၂၀၁၉

ဂျန်ကိုးလ်(VOM)

 

မကွေးတိုင်း သရက်ခရိုင် အထက်မင်းလှမြို့ ရုံးမြောက်ရပ် ရပ်ကွက်မှာ အသက် ၇ နှစ်အရွယ် မိန်းကလေးငယ်တစ်ဦးကို အသက် ၂၉ နှစ်အရွယ် အမျိုးသားက အဓမ္မပြုကျင့်မှုတစ်ခု မနေ့ ဇူလိုင် ၂၂ ရက် ဖြစ်ပွားခဲ့တယ်လို့ မင်းလှမြို့မရဲစခန်းက သိရပါတယ်။

 

ကလေးငယ်ရဲ့ အဖေ(ပထွေး)ဖြစ်သူဟာ ထန်းကိုင်းရေနံမှော်မှာ အလုပ်လုပ်ပြီး အိမ်ကိုခေတ္တပြန်လာစဉ် သူနဲ့အတူ လုပ်ဖေါ်ကိုင်ဖက်ဖြစ်သူ ဘဲဒေါဆိုသူပါလာပြီး ကလေးငယ်ကို အိမ်သာထဲခေါ်ကာ အဓမ္မပြုကျင့်ခဲ့တာလို့ သိရပါတယ်။

 

“ကလေးပျောက်သွားလို့ လိုက်ရှာနေဆဲမှာ ကလေးနဲ့အတူ ဘဲဒေါက အိမ်သာထဲက ထွက်လာတာတွေ့တော့ ကလေးကို ဘဲဒေါဘာလုပ်သေးလဲဆိုတော့ မပြောဘူး။ ဘောင်းဘီချွတ်ကြည့်မှ သိရတာ။ အဲဒီအချိန် သူတို့က အလုပ်ကို ပြန်နေကြပြီ။”လို့ ကလေးမိခင်က ရဲစခန်းမှာ ထွက်ဆိုချက်ပေးပါတယ်။

 

လက်ရှိမှာ ကလေးငယ်ကို မင်းလှပြည်သူ့ဆေးရုံကနေ  မကွေးတိုင်းဆေးရုံကို လွှဲပြောင်းပေးလို့ မကွေးမှာကုသနေရတယ်လို့ သိရပါတယ်။

 

“ဆေးစစ်ဖို့ မကွေးကိုလွှဲလို့ မကွေးကိုလာရတယ်။ မကွေးကို နှစ်ခေါက်တောင် လာရတယ်။ ကျနော်ကိုယ်တိုင် ဂရုတစိုက် လိုက်ပါလုပ်ဆောင်ပေးနေပါတယ်။ တရားခံလည်း မိထားပြီးပါပြီ။” လို့ မင်းလှမြို့မရဲစခန်းမှူး ဒုရဲမှူး သန်းလှိုင်က ပြောပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး ကျူးလွန်သူဆိုတဲ့ ဘဲဒေါကို မင်းလှမြို့မရဲစခန်းက (ပ)၂၂၆/၂၀၁၉ ရာဇသတ်ကြီး ပုဒ်မ ၃၇၆/၅၁၁ နဲ့ အမှုဖွင့် ဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #မင်းလှ #၇ နှစ်အရွယ်မိန်းကလေးအဓမ္မပြုကျင့်ခံရ #မကွေး #သရက်

Related posts

Leave a Comment

VOM News

FREE
VIEW