ပုသိမ်မှာ အထည်ချုပ်စက်ရုံ အလုပ်သမားတွေ ဆန္ဒဖေါ်ထုတ်

ပုသိမ်၊ ဇူလိုင် ၂၉ – ၂၀၁၉

ကိုအောင် (VOM)

 

ရာဝတီတိုင်း ပုသိမ်မြို့ အမှတ် ၁၃ ရပ်ကွက် စက်မှုဇုန်ရှိ Amava Apprel အထည်ချုပ်စက်ရုံက အလုပ်သမား တစ်ထောင်ဝန်းကျင်ဟာ အလုပ်သမား အခွင့်အရေး ရပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဒီနေ့ ဇူလိုင် ၂၉ ရက် မနက်ပိုင်းမှာ ဆန္ဒဖေါ်ထုတ်နေကြပါတယ်။

 

အလုပ်ခွင် အခွင့်အရေးနဲ့ လုပ်အားခမဖြတ်ရေး၊ လိင်ပိုင်းဆိုင်ရာ မထိခိုက်ရေးတို့ အပါအဝင် တောင်းဆိုချက် ၁၉ ချက် ရရှိရေးအတွက် ဆန္ဒဖေါ်ထုတ်တောင်းဆိုနေကြခြင်း ဖြစ်ပါတယ်။

 

“တချို့စက်ချုပ်တဲ့နေရာမှာ နစ်ယောက်လုပ်ရမယ့်နေရာမှာ တစ်ယောက်တည်းခိုင်းတာတွေ၊ အလုပ်သမား ခေါင်းဆောင်အစ်မကြီးကို အကြောင်းမဲ့အလုပ်ထုတ်တာတွေ၊ နိုင်ငံခြားသားအလုပ်သမားခေါင်းဆောင်တွေက အလုပ်သမတွေအပေါ် မဖွယ်မရာပြုလုပ်တာတွေ မခံနိုင်လို့ အခုလို ဆန္ဒဖေါ်ထုတ်တာ။”လို့ အလုပ်သမားခေါင်းဆောင် မလှလှအေးက ပြောပါတယ်။

 

လောလောဆယ်မှာတော့ စက်ရုံတာဝန်ရှိသူတွေနဲ့ အလုပ်သမားဘက်က ခေါင်းဆောင် ၈ ဦးတို့ ညှိနှိုင်းခဲ့ရာမှာ စက်ရုံဘက်က ကနဦးသဘောတူမယ်ဆိုတဲ့ ပြောကြားချက်ကြောင့် အလုပ်သမားတွေဟာ လုပ်ငန်းခွင်မှာ ပြန်လည်ဝင်ရောက်နေကြပါတယ်။

 

“လက်ရှိကတော့ စက်ရုံဘက်က မူအားဖြင့် သဘောတူခဲ့တာပါ။ ဆက်လက်ညှိနှိုင်း ရအုံးမယ်။ အခုလက်ရှိ လုပ်ငန်းခွင် ပြန်ဝင်ခိုင်းထားပါတယ်။ အဆင်မပြေရင်တော့ သူတို့တွေ သပိတ်မှောက်ကြဖို့အထိ ဆွေးနွေးထားကြပါတယ်။”လို့ ဆန္ဒပြ အလုပ်သမားတွေဘက်က လိုက်ပါကူညီဆောင်ရွက်ပေးနေတဲ့ အလုပ်သမားများအချင်းချင်း ကူညီရိုင်းပင်းရေးအဖွဲ့ တာဝန်ခံ ဒေါ်ခခက ပြောပါတယ်။

 

အခုဖြစ်စဉ်နဲ့ပတ်သတ်ပြီး စက်ရုံတာဝန်ရှိသူတွေကို သွားရောက်မေးမြန်းခဲ့ပေမယ့် ပြန်လည်ဖြေကြားဖို့ ငြင်းဆိုခဲ့ပါတယ်။ ပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံ  ၇ ရုံအနက် အခုစက်ရုံကိုတော့ ၂၀၁၇ ခုနှစ်က ဖွင့်လှစ်ခဲ့ပြီး အလုပ်သမား၂၄၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။

 

 

#voiceofmyanmar #ဆန္ဒဖေါ်ထုတ် #ပုသိမ် #အထည်ချုပ်စက်ရုံ

Related posts

Leave a Comment

VOM News

FREE
VIEW