မန္တလေးတက္ကသိုလ်နဲ့ ကပ်လျက်က တက္ကသိုလ်လေ့ကျင့်ရေးတပ်တွင်း မီးလောင်မှုအတွက် တပ်တွင်းအရေးယူမှုနဲ့ ဆောင်ရွက်မယ်

မန္တလေး၊ ဇူလိုင် ၂၉ – ၂၀၁၉

ဟိန်းကို (VOM)

မန္တလေးတက္ကသိုလ်မြောက်ဘက်မှာကပ်လျက်ရှိတဲ့ အမှတ် ၂  တက္ကသိုလ်လေ့ကျင့်ရေးတပ်မှာ မနေ့ ဇူလိုင် ၂၈ ရက်ညပိုင်းက မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး အဲဒီမီးလောင်ကျွမ်းမှုအတွက် ရဲတပ်ဖွဲ့ကအရေးယူမှာ မဟုတ်ဘဲ တပ်တွင်းအရေးယူမှုနဲ့သာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

 

“အဲဒါက တပ်တွင်းဖြစ်တဲ့အတွက် တပ်မတော်စစ်ခုံရုံးမှာ အရေးယူမှုပြုလုပ်မှာပါ။ ရဲအရေးမပိုင်တဲ့အတွက် အရပ်ဖက်တရားရုံးမှာ အရေးယူမှု မရှိပါဘူး။” မန္တလေးခရိုင် မီးသတ်ဦးစီးမှူး ဦးထက်အောင်က ပြောပါတယ်။

 

မနေ့ည ၈ နာရီခွဲဝန်းကျင်က လောင်ကျွမ်းခဲ့တဲ့ အဲဒီမီးလောင်ကျွမ်းမှုကြောင့် ပျဉ်ထောင် ၈ ခန်းတွဲ လူနေလိုင်းခန်းနဲ့ အတွင်းပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီး စုစုပေါင်းတန်ဖိုး ၇၄ သိန်းလောက် ရှိတယ်လို့ မန္တလေးခရိုင်မီးသတ်ဦးစီးဌာနက သိရပါတယ်။

 

လိုင်းခန်းအပေါ်ထပ်အိပ်ခန်းအတွင်း သွယ်တန်းထားတဲ့ လျှပ်စစ်မီးသီးခေါင်းအပူလွန်ကဲပြီး အောက်ခြေရှိ စစ်ဝတ်တန်ဆာပစ္စည်းထည့်ထားတဲ့ ပလပ်စတစ်အိပ်ပေါ်ပြုတ်ကျရာကနေ စတင်လောင်ကျွမ်းခဲ့တာလို့ သိရပြီး အဲဒီအတွက် ကိုယ်ပိုင်အမှတ် (တ-၃၈၄၃၅၉) တပ်သား နိုင်ထွန်းကို,ကိုတပ်တွင်းအရေးယူမှု ဆက်လက်ပြုလုပ်သွားမယ်လို့ သိရပါတယ်။

 

လောင်ကျွမ်းမှုအဆင့် Level 3 နဲ့ငြိမ်းသတ်ခဲ့ရပြီး မဟာအောင်မြေမြို့နယ် မီးသတ်ဦးစီးဌာနက ဒုတိယမီးသတ်ဦးစီးမှူး ဦးစိုးမင်းကျော်ဟာ မီးငြိမ်းသတ်စဉ် ခြေထောက်ဒဏ်ရာ( မစိုးရိမ်ရ) ရရှိခဲ့ပြီး မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးမှာ ပို့ဆောင်ကုသပေးခဲ့ရပါတယ်။

 

 

#voiceofmyanmar #မန္တလေးတက္ကသိုလ်ကပ်လျက် #တက္ကသိုလ်လေ့ကျင့်ရေးတပ် #မီးလောင် #တပ်တွင်းအရေးယူ

Related posts

Leave a Comment

VOM News

FREE
VIEW