အစစ်ဆေးခံဖို့ တားတာကို မရပ်ဘဲ ဆိုင်ကယ်နဲ့မောင်းပြေးလို့ဆိုပြီး တပ်မတော်က INGO ဝန်ထမ်းတစ်ဦးကို ပစ်ခတ်

မြောက်ဦး၊ ဇူလိုင် ၂၉-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ပေါ်မှာ ဇူလိုင် ၂၈ ရက် ညနေ ၇ နာရီခွဲခန့်က ဆိုင်ကယ်နဲ့သွားလာနေတဲ့ INGO ဝန်ထမ်းတစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံလိုက်ရတာ ဖြစ်ပါတယ်။

 

ပစ်ခတ်ခံရသူဟာ ရခိုင်ပြည်နယ်အတွင်းမှာ လူမှုကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ပေးနေတဲ့ Plan International အဖွဲ့က ဝန်ထမ်းတစ်ဦးဖြစ်သူ ကိုရဲလင်းနိုင် (၂၅ နှစ်)ဖြစ်ပြီး စစ်တွေရုံးကနေ မြောက်ဦးရုံးကို ပြန်လာတဲ့အချိန်မှာ ပစ်ခတ်ခံလိုက်ရတာလို့ သိရပါတယ်။

 

ဒါနဲ့ပတ်သက်ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းဦးစီးပထမတန်း ဗိုလ်မှူးကြီး ဝင်းဇော်ဦးကို မေးမြန်းရာမှာ“အဲ့ဒီလူကို NGO ကပါလို့ ချင်ဗျားတို့ကို ဘယ်သူက ပြောတာလဲ။ အဲ့ဒီလက်မှတ်က အတုကြီးဆိုရင် ဘယ်လိုလုပ်မလဲ။ ကျနော်တို့က သတင်းအရ ဘုန်းကြီးကျောင်းမှာ စစ်ဆေးနေတဲ့အချိန်မှာ အဲ့ဒီလူက ဘုန်းကြီးကျောင်းကိုလာတာ။ ကျနော်တို့ မေးမြန်းတော့ ဆိုင်ကယ်ကိုမရပ်ဘဲ ထွက်ပြေးတယ်။ ဒါကြောင့် ပစ်ခတ်လိုက်ရတာ ဖြစ်ပါတယ်။” လို့ ဆိုပါတယ်။

 

စစ်ဘေးရှောင်ဒုက္ခသည်တွေ ယာယီခိုလှုံနေကြတဲ့ မြောက်ဦးမြို့ပေါ်က ဘုန်းတော်ကြီးကျောင်းတွေမှာ မနေ့ ညနေပိုင်းက တပ်မတော်ကနေ ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်နေတာဖြစ်ပြီး အဲ့ဒီအချိန်မှာ ပစ်ခတ်ခံလိုက်ရတာလို့ သိရပါတယ်။

 

“မနေ့က ညနေပိုင်း သူအပစ်မခံရခင်မှာ ကျမနဲ့ဖုန်းပြောလိုက်သေးတယ်။ စစ်တွေကပြန်မလာသေးဘူးလား၊ ဒီနေ့လာမှာလားဆိုပြီးတော့ပေါ့။ သိပ်မကြာဘူး အဖေ့ဆီက ဖုန်းဝင်လာတယ်။ မောင်လေး ဆေးရုံရောက်နေတယ်လို့၊ ဘာဖြစ်လဲဆိုတော့ စစ်တပ်ကသေနတ်နဲ့ ပစ်လိုက်တာတဲ့။ ကျမသွားလိုက်တော့ မြောက်ဦးဆေးရုံမှာ စကားတောင်မပြောနိုင်ဘူး။”လို့ အစ်မဖြစ်သူ ဒေါ်ရီရီမြင့်က ပြောပါတယ်။

 

ပစ်ခတ်ခံရသူ ကိုရဲလင်းနိုင်ရဲ့ ဆိုင်ကယ်ကိုစစ်ဆေးရာမှာ Tools Box ထဲကနေ လက်ပစ်ဗုံးတစ်လုံးလည်းတွေ့တဲ့အတွက် သူ့ကို အကြမ်းဖက်ဥပဒေနဲ့ပါ အရေးယူထားတယ်လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

 

ကိုရဲလင်းနိုင်ရဲ့ အဖေဖြစ်သူ ဦးသာချမ်းအောင်က “ဆေးရုံကနေ အကြောင်းကြားမှပဲသိရတာပါ။ အခုသူ့ကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်ထားတယ်။ တရားသူကြီးက ရမန် ၂၁ ရက်ပေးလိုက်တယ်။ စစ်တွေဆေးရုံကို လာဖို့အတွက်။ ရဲ ၆ ယောက်ပါလာတယ်။ ဘာကြောင့် အမှုဖွင့်လဲဆိုတာကိုလည်း မသိရဘူး။”လို့ ပြောပါတယ်။

 

သေနတ်ပစ်ခတ်မှုကြောင့် ကိုရဲလင်းနိုင်ရဲ့ဘယ်ဘက်ရင်အုံကို ကျည်ထိမှန်ခဲ့တဲ့အတွက် လက်ရှိမှာ စစ်တွေဆေးရုံမှာ ပို့ဆောင်ထားပြီး ဆရာဝန်ပြောပြချက်အရ အခြေအနေမကောင်းဘူးလို့ သိရကြောင်း မိသားစုဝင်တွေက ပြောပါတယ်။ ပစ်ခတ်ခံရသူ ကိုရဲလင်းနိုင်ရဲ့ ကွန်ပျူတာတစ်လုံး၊ ငွေကျပ် လေးသိန်းနဲ့ ဘတ်ကတ်တွေပါဝင်တဲ့ ကျောပိုးအိတ်ကိုလည်း မိသားစုတွေဆီ အပ်နှံတာမရှိဘဲ ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

 

#voiceofmyanmar #ရခိုင် #မြောက်ဦး #INGO ဝန်ထမ်းတစ်ဦးပစ်ခတ်ခံရ #

Related posts

Leave a Comment

VOM News

FREE
VIEW