တောင်အဆင်းလမ်းကြမ်း စက်ဘီးစီးပြိုင်ပွဲ မန္တလေးမြို့မှာ ကျင်းပမယ်

မန္တလေး၊ ဇူလိုင် ၂၉-၂၀၁၉

ဟိန်းကို(VOM)

 

ကျန်းမားရေးနှင့်အားကစားဝန်ကြီးဌာနနဲ့ မြန်မာနိုင်ငံ စက်ဘီးစီးအဖွဲ့ချုပ်တို့က ကြီးမှူးကျင်းပမယ့် Triple Hill Bike Challenge-2 ဒုတိယအကြိမ်မြောက် တောင်အဆင်း လမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲကို မန္တလေးမြို့မှာ ကျင်းပပြုလုပ်သွားမှာဖြစ်တယ်လို့ ဒီနေ့ ဇူလိုင် ၂၉ ရက် နေ့လည်ပိုင်းက မန္တလေးမြို့မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲကနေ သိရပါတယ်။

 

Mountain Bike စက်ဘီးစီးပြိုင်ပွဲနဲ့ Downhill တောင်အဆင်းလမ်းကြမ်းပြိုင်ပွဲကို ၂၀၁၉ ဩဂုတ်လ ၃ ရက် မနက် ၆ နာရီမှာ ၂၆ လမ်း၊ မြို့တော်ခန်းမရှေ့ကနေ စတင်တာလွှတ်မှာဖြစ်ပြီး ရေတံခွန်တောင် ထူးမဘုန်းကြီးကျောင်းမှာ ပန်းဝင်ရမှာ ဖြစ်ပါတယ်။

 

” စက်ဘီးစီးပြိုင်တဲ့ ကစားသမားဦးရေကလည်း အရမ်းများနေပါပြီ။ တစ်နိုင်ငံလုံးမှာရှိတဲ့ ကစားသမားတွေ စိတ်ဝင်စားပြီး အခက်အခဲဆုံးပြိုင်ပွဲကို ယှဉ်ပြိုင်နိုင်ဖို့ရာအတွက် ပုံမှန်ကျင်းပနေကျ တောင်တစ်လုံးတည်းကို တက်ရတာမဟုတ်ဘဲ တောင်သုံးလုံးကို တပြိုင်တည်း ပြိုင်ရမှာ ဖြစ်ပါတယ်။ နိုင်ငံတဝှမ်းလုံးက ဒီ Mountain Bike အားကစားသမားတွေအနေနဲ့ ဒီပြိုင်ပွဲမှာ လမ်းကြောင်းအရှည်ကို ဘယ်လောက်ဇွဲရှိရှိနဲ့ မှတ်ကျောက်တင်နိုင်လဲဆိုတဲ့ ပွဲဖြစ်ဖို့အတွက်ရည်ရွယ်ပြီး ကျင်းပတာပါ။” လို့ MFR Team ရဲ့ဦးဆောင်စီစဉ်သူ ကိုအောင်ပိုင်စိုးက ပြောပါတယ်။

 

ပြိုင်ပွဲဝင်အားကစားသမားတွေကိုလည်း သက်ဆိုင်ရာစည်းကမ်းချက်တွေနဲ့အညီ ပါဝင်ယှဉ်ပြိုင်သူကိုသာ ဆုကြေး-ဆုတံဆိပ်တွေချီးမြင့်သွားမှာဖြစ်ပြီး ဖိတ်ခေါ်ဓာတ်ပုံပြိုင်ပွဲကိုလည်း ထည့်သွင်း ကျင်းပပေးသွားမှာ ဖြစ်ပါတယ်။

 

ပြိုင်ပွဲဝင်အားကစားသမားတွေကိုလည်း “အားကစားသမားကိုယ်အင်္ဂါထိခိုက်မှုအာမခံ” ပြုလုပ်ပေးထားပြီး ကြက်ခြေနီအသင်း၊ လူနာတင်ကားတွေနဲ့ အားကစားသမားတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ထားကာ နယ်မြေခံပုသိမ်ကြီးရဲစခန်းက လုံခြုံရေးတာဝန်ယူဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။

 

#voiceofmyanmar #တောင်အဆင်းလမ်းကြမ်းစက်ဘီးစီးပြိုင်ပွဲ #မန္တလေး

Related posts

Leave a Comment

VOM News

FREE
VIEW