ဗင်နီဇွဲလားအစိုးရရဲ့ ပိုင်ဆိုင်မှုအားလုံး ထိန်းချုပ်ထားဖို့ ဒ်ါနယ်ထရန့်အမိန့်ထုတ်

ဝါရှင်တန်၊ သြဂုတ်-၆-၂၀၁၉

မျိုးဆက် (VOM)

 

အမေရိကန်ရှိ ဗင်နီဇွဲလားအစိုးရဲ့ ပိုင်ဆိုင်မှုတွေအားလုံးကို ထိန်းချုပ်ထားဖို့ အမိန့်တစ်ရပ်ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က သြဂုတ် ၅ ရက်မှာ လက်မှတ်ထိုးလိုက်ပြီး သမ္မတ နီကိုးလပ်မာဒူရိုကို ရာထူးကနေ ဖယ်ရှားရေးရည်ရွယ်လုပ်ဆောင်တဲ့ သံတမန်ရေးနဲ့  အရေးယူပိတ်ဆို့မှု လုပ်ဆောင်တာတွေ ပိုမိုမြှင့်တက်လာနေပါတယ်။

 

ဗင်နီဇွဲလားအစိုးရတာဝန်ရှိသူတွေကို အရေးယူပိတ်ဆို့မှု ချမှတ်တာတွေအပါအ၀င် နိုင်ငံပိုင်ရေနံကုမ္ပဏီနဲ့ ဘဏ္ဍာရေးကဏ္ဍကို မကြာသေးမီလတွေအတွင်း အရေးယူပိတ်ဆို့မှုတွေ ချမှတ်ပြီးနောက် ဗင်နီဇွဲလားအစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်ဖို့အမိန့်ကို ဒေါ်နယ်ထရန့်က လက်မှတ်ထိုးလိုက်တာ ဖြစ်ပါတယ်။

 

အမေရိကန်မှာရှိတဲ့ ဗင်နီဇွဲလားအစိုးရရဲ့  ပိုင်ဆိုင်မှုနဲ့ အကျိုးစီးပွားအားလုံးကို ပိတ်ဆို့ထားလိုက်ပြီး လွှဲပြောင်းခြင်း၊ ပေးချေခြင်း၊  တင်ပို့ခြင်း၊ ရုပ်သိမ်းခြင်း ဒါမှမဟုတ် အခြားနည်းလမ်းနဲ့ လှူဒါန်းတာမျိုးတွေလည်း ပြုလုပ်နိုင်တော့မှာမဟုတ်ဘူးလို့ အိမ်ဖြူတော်ကထုတ်ပြန်တဲ့  အမိန့်မှာ ဖော်ပြထားပါတယ်။

 

ဒီအမိန့်ကြောင့် ဒေါ်နယ်ထရန့်အစိုးရအဖွဲ့ရဲ့ မဟာမိတ်တွေတောင် အံ့အားသင့်ခဲ့ရပြီး ဗင်နီဇွဲလားအစိုးရရဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းသိမ်းမယ့် ဒီလုပ်ဆောင်မှုမှာ အလွန်ကျယ်ပြန့်တယ်လို့လည်း အမေရိကန်သုတေသနအဖွဲ့တစ်ခုရဲ့ အကြီးတန်း မူဝါဒသုံးသပ်လေ့လာသူ ကွန်ဆာဗေးတစ် တစ်ဦးဖြစ်တဲ့ ကင်တာနားက သုံးသပ်ပြောဆိုပါတယ်။

 

အမေရိကန်က ချမှတ်လိုက်တဲ့  အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်ပြီး ဗင်နီဇွဲလား ပြန်ကြားရေးဝန်ကြီးဌာနက ချက်ချင်း မှတ်ချက်ပြုပြောဆိုတာမျိုး မရှိသေးပါဘူး။ လက်ရှိ ဗင်နီဇွဲလားသမ္မတ မာဒူရိုကို ရာထူးကဆင်းပေးဖို့ အမေရိကန်နဲ့ အနောက်နိုင်ငံအများစုက တိုက်တွန်းနေကြပြီး နိုင်ငံရဲ့ တရားဝင်သမ္မတအဖြစ် အတိုက်အခံခေါင်းဆောင် ဂွိုင်ဒိုကို အသိအမှတ်ပြုထားကြပါတယ်။

 

Ref & Photo : Reuters

#voiceofmyanmar #ဗင်နီဇွဲလား #အမေရိကန် #ဝါရှင်တန်

Related posts

Leave a Comment

VOM News

FREE
VIEW