ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး ပျောက်ဆုံးနေပြီး ရာအိမ်မှူးတစ်ဦး သတ်ဖြတ်ခံရ

ကျောက်တော်၊ သြဂုတ် ၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်မှာ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးနဲ့ ရာအိမ်မှူးတစ်ဦးတို့ဟာ သြဂုတ်လ ၃ ရက်နေ့က ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ၄ ရက်နေ့ ညနေပိုင်းမှာတော့ ရာအိမ်မှူးရဲ့ အလောင်းကို ကုလားတန်မြစ်အတွင်းက ရှာဖွေတွေ့ရှိခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

 

ပျောက်ဆုံးနေသူဟာ ဆင်အိုးချိုင်ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဦးမောင်သန်း (အသက် ၅၀ နှစ်)ဖြစ်ပြီး တွေ့ရှိခဲ့တဲ့အလောင်းကတော့  သာဒါဆိပ်ကျေးရွာတာဝန်ခံ ရာအိမ်မှူး ဦးမောင်ဝင်းနိုင် (၃၄ နှစ်)တို့ ဖြစ်ပါတယ်။

 

“ ဆင်အိုးချိုင်ရွာနားမှာရှိတဲ့ ရေလယ်ကျွန်း ပေါ်ကျွန်းမှာတွေ့တယ်လို့တော့ ပြောပါတယ်။”လို့ သာဒါဆိပ်ကျေးရွာအုပ်ချုပ်ရေးမှူးဟောင်းရဲ့သမီး ဒေါ်စုစုမာက ပြောပါတယ်။

 

သူတို့နှစ်ဦးဟာ သြဂုတ်လ ၃ ရက် နေ့လည်ပိုင်းက ဆင်ကိုပေါက်တော (ဘင်္ဂါလီ) ကျေးရွာကို အိမ်ထောင်စုစာရင်း စစ်ဆေးဖို့အတွက် သွားရောက်ခဲ့ကြတာဖြစ်ပြီး အပြန်လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

 

“အဲ့ဒီနေ့က ပေါက်တောပလောင်ရွာကို သွားတယ်။ အဲ့ဒီမှာပြန်မရောက်တာလို့ မိသားစုတွေရဲ့ပြောပြချက်အရ သိရတာပေါ့။ သာဒါဆိပ်ကျေးရွာတာဝန်ခံရဲ့အလောင်းကိုလည်း မိသားစုတွေ လိုက်ရှာလို့ ပေါက်တောပလောင်ရွာ အနောက်ဘက်က ပေါ်ကျွန်းမှာ ကမ်းကပ်လို့တွေ့တယ်လို့ ပြောပါတယ်။”လို့ ကျောက်တော်ဒေသခံ ဦးကျော်လှမြင့်က ပြောပါတယ်။

 

အဲ့ဒီသေဆုံးသူရဲ့အလောင်းကို ကြိုးချည်ထားပြီးတော့ ဓါးနဲ့ထိုးသွင်းဒဏ်ရာ ၇ ချက်ပါပြီး ကုလားတန်မြစ်အတွင်းမှာ ရှာဖွေတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

 

အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်လို့ ကျောက်တော်မြို့မရဲစခန်းမှူး ရဲမှူး စောလွင်ကို ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ဖုန်းလက်ခံဖြေကြားခဲ့ခြင်းမရှိခဲ့တာ ဖြစ်ပါတယ်။

 

ရခိုင်ပြည်နယ်အတွင်းမှာ ကျေးရွာအုပ်ချုပ်ရေးမှူးတွေဟာ အခုလိုမျိုးလုပ်ကြံသတ်ဖြတ်ခံနေကြရတာဖြစ်ပြီး လုပ်ကြံသတ်ဖြတ်ခံရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အနည်းဆုံး ၅ ဦးထိရှိနေပြီလည်း ဖြစ်ပါတယ်။

 

#voiceofmyanmar #ရခိုင် #ကျောက်တော်

Related posts

Leave a Comment

VOM News

FREE
VIEW