ပျူမြို့ဟောင်းမှာ ဟိုတယ်တွေတည်ဆောက်ဖို့ စီးပွားရေးလုပ်ငန်းရှင်တွေက နည်းမျိုးစုံနဲ့ကြိုးစားနေ

ပြည်၊ သြဂုတ် ၂၂ – ၂၀၁၉

လမင်း (VOM)

 

ပြည်မြို့မှာတည်ရှိတဲ့ သရေခေတ္တရာ(ပျူမြို့ဟောင်း) ရှေးဟောင်းဇုန်ထဲမှာ ဟိုတယ်တွေ တည်ဆောက်နိုင်ဖို့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေက နည်းလမ်းမျိုးစုံနဲ့ကြိုးစားနေတာတွေ ရှိနေပါတယ် ။

 

အခုလိုနည်းမျိုးစုံနဲ့ ဟိုတယ်ဆောက်လုပ်ခွင့် ကမ်းလှမ်းနေတာတွေရှိနေပေမယ့်လည်း ဒီနေ့အချိန်ထိ ဘယ်သူ့ကိုမှ ခွင့်ပြုပေးထားတာ မရှိသေးဘူးလို့ ကမ္ဘာ့အမွေအနှစ်ထိန်းသိမ်းရေးဒေသများဌာနခွဲ (သရေခေတ္တရာဌာနစု)က သိရပါတယ်။

 

ကမ္ဘာ့အမွေအနှစ်ဝင်တဲ့နေရာတွေကို ကမ္ဘာလှည့်ခရီးသွားတွေ၊ ပြည်တွင်းခရီးသွားတွေ စိတ်ဝင်စားကြတဲ့အတွက် စီးပွားရေးလုပ်ငန်းရှင်တွေဟာ ဇုန်အတွင်းက လယ်ယာမြေတွေကို ကာလပေါက်ဈေးထက် ပိုပေးဝယ်ပြီး အခြားသုံးစွဲနည်းခွင့်တွေ လာလျှောက်ကြသလို ဟိုတယ်တွေ တည်ဆောက်နိုင်ဖို့အတွက် လာရောက်လျှောက်ထားတာတွေလည်း ရှိနေတယ်လို့ ကမ္ဘာ့အမွေအနှစ်ဒေသများဌာနခွဲ (သရေခေတ္တရာဌာနစု) ဒုတိယညွှန်ကြားရေးမှူး ဦးကျော်မျိုးဝင်းက ဟြေပါတယ်။

 

“ဒီနေရာတွေက အရင်က လယ်ယာမြေတွေ ဖြစ်နေတော့ အဆောက်အဦးဆောက်လို့ရအောင် အခြားနည်းသုံးစွဲခွင့်တွေ တင်ကြတယ်။ လယ်ယာမြေကို အခြားနည်းသုံးစွဲခွင့်မပေးဘူး၊ ပေးလိုက်ရင်ထိန်းမရတော့ဘူး။ ဒါကြောင့်ခွင့်မပြုပါဘူး။ ဒီလိုမှ မကာကွယ်ရင် ဇုန်ထဲကို အိမ်တွေအများကြီး ၀င်လာပါလိမ့်မယ်။ စီးပွားရေးသမားတွေက အကြောင်းအမျိုးမျိုးပြလာကြတယ်။  ဒါကိုတော့ တင်းတင်းကြပ်ကြပ်ကိုင်တွယ်ထားပါတယ်။” လို့ သူက ဆိုပါတယ်။

 

ပျူမြို့ဟောင်းတွေဖြစ်တဲ့ ဟန်လင်း၊ ဗိဿနိုးနဲ့ သရေခေတ္တရာ မြို့ဟောင်းတွေဟာ ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်က ကာတာနိုင်ငံ၊ ဒိုဟာမြို့မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အမွေအနှစ်ကော်မတီရဲ့ ၃၈ ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်အရ ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။

 

အဲဒီလို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် ယဉ်ကျေးမှုဒေသတွေမှာ လယ်မြေတွေကို အခြားနည်းသုံးစွဲခွင့် ပေးတာဟာ ရှေးဟောင်းအမွေအနှစ်နဲ့ သဘာဝရှုခင်းတွေအကြား ဂေဟစနစ်ကို ထိခိုက်နိုင်သလို အမြင်မသင့်တော်တဲ့ ဓာတ်အားလိုင်းတိုင်တွေ၊ ဖုန်းတာဝါတိုင်တွေ၊ ဟိုတယ်တွေ တည်ဆောက်မှုကိုလည်း ကမ္ဘာ့အမွေအနှစ် စားရင်းဝင်ပြီးကတည်းက ခွင့်ပြုတာမရှိတော့ဘူးလို့ သိရပါတယ်။

 

ဒါ့အပြင် ဇုန်အတွင်းမှာ တည်ရှိပြီးသားဖြစ်တဲ့ ရှေးဟောင်းအဆောက်အအုံတွေ၊ ရှေးဟောင်းဘုန်းကြီးကျောင်းတွေ၊ နေအိမ်တွေ ပြန်လည်အသစ်တည်ဆောက်ဖို့ စာရွတ်စာတမ်းနဲ့တကွ တင်ပြလာပါကလည်း သောကြာနေ့တိုင်းမှာ မြေစာရင်း၊ အိုးအိမ် သက်ဆိုင်ရာ ဌာနဆိုင်ရာတွေနဲ့ပေါင်းပြီး ကွင်းဆင်းစစ်ဆေးကာ ပြင်ဆင်လိုပါက ရှေးဟောင်းလက်ရာမပျက်ပြင်ဆင်စေခဲ့တယ်လို့ သိရပါတယ်။

 

သရေခေတ္တရာဌာနစုအတွင်းမှာ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ပြီးကတည်းက အခုအချိန်အထိ နေအိမ် ၃၀၀၀ ကျော်သာ တည်ဆောက်ခွင့်ပြုထားပါတယ်။ ဒါ့အပြင် ဌာနကခွင့်ပြုထားခြင်းမရှိဘဲ မြို့ဟောင်းအတွင်းနေရာအချို့မှာ ကျူးကျော်ဝင်ရောက်နေတဲ့ နေအိမ် ၂၃၅ ခုရှိပြီး တရားစွဲဆိုခံထားရတာက ၃၃ ဦးရှိပြီဖြစ်ပါတယ်။ အမိန့်အရဖျက်သိမ်းစာရင်း ၂၂ ဦးရှိပြီး အမှုရင်ဆိုင်ဆဲက ၁၁ ဦးရှိပါတယ်။ တရားစွဲဆိုဖို့ကျန်ရှိနေတာကတော့ ၁၉၂ ခုရှိနေပြီလို့ သိရပါတယ် ။

 

 

#voiceofmyanmar #ပြည် #သရေခေတ္တရာ

Related posts

Leave a Comment

VOM News

FREE
VIEW