သုံးတန်းကျောင်းသူကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုပြီး သတ်ဖြတ်အလောင်းဖျောက်မှု ဖြစ်ပွါး

မြန်အောင်၊ သြဂုတ် ၂၄ – ၂၀၁၉

ကိုအောင်(VOM)

 

ဧရာဝတီတိုင်း မြန်အောင်မြို့နယ် ရွာသစ်ကုန်းကျေးရွာမှာ အသက်ကိုးနှစ်အရွယ် တတိယတန်းကျောင်းသူကို လိင်ပိုင်းဆိုင်ရာ မဖွယ်မရာပြုလုပ်ပြီး လူသတ်၊ အလောင်းဖျောက်ခဲ့တဲ့အမျိုးသားကို ဖမ်းဆီးရမိထားပြီလို့ ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 

သြဂုတ် ၂၁ ရက်က အဲဒီကျောင်းသူ ပျောက်ဆုံးခဲ့လို့ လိုက်လံရှာဖွေရာ နောက်တစ်နေ့ မနက်ပိုင်းမှာတော့ ကျေးရွာရဲ့ ရေတွင်းပျက်ထဲမှာ ဒဏ်ရာတွေနဲ့ သေဆုံးနေတာတွေ့ခဲ့ရတယ်လို့ သိရပါတယ်။

 

ကလေးရဲ့ နဖူးအလယ်ကနေ နှာခေါင်းအထိ ပြတ်ရှဒဏ်ရာသုံးချက်၊ ယာဘက်လက်မောင်းအရင်း ချိုင်း အတွင်းရင်အုံနဲ့ ၀ဲဘက်ရင်အုံ၊ လက်ပြင်တို့မှာ ထိုးသွင်းဒဏ်ရာ ရှစ်ချက်၊ ၀ဲဘက်လက်ချောင်း ငါးချောင်းစလုံး ပြတ်နေပြီး ခန္ဓာကိုယ်အနှံ့မှာလည်း ပွန်းပဲ့ပြတ်ရှဒဏ်ရာများစွာနဲ့ သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာလို့ ရဲတပ်ဖွဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

 

“သူ့အမေက ခရစ်ယာန်ဘုရားကျောင်းမှာ ထမင်းချက်။ ကလေးမလေးက အမေနောက်လိုက်သွားတာ ထမင်းချက်ပြီးလို့ပြန်တော့ ကလေးမလေးကို မတွေ့ရတော့ဘူး။ နောက်နေ့ မနက်ကြမှပဲ ရေတွင်းပျက်ထဲမှာ သေဆုံးနေတာတွေ့ရတာ။”လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့ ဒုတိယရဲမှူးကြီးထွန်းရွှေက ပြောပါတယ်။

 

အဲဒီအမှုအတွက် ဧရာဝတီတိုင်းရဲတပ်ဖွဲ့မှူး ဦးဆောင်ပြီး အထူးအမှုစစ်အဖွဲ့ ဖွဲ့စည်းကာ စုံစမ်းရှာဖွေရာမှာ မသင်္ကာသူ ဆန်းလင်းအောင်(ခ)ကိုထိတ်(ခ)မိုးဇယ်ကို တွေ့ရှိခဲ့ပြီး အသေးစိတ်စစ်ဆေးခဲ့ရာမှာတော့ ပြစ်မှုကျူးလွန်ကြောင်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

 

စွပ်စွဲခံရသူကို ကနဦးစစ် ဆေးချက်အရ သေဆုံးသူမိန်းကလေးကို အရင်က စနောက်ရာမှာ မိန်းကလေးက  ပြန်လည်ဆဲဆိုခဲ့တဲ့အတွက် သူတို့နှစ်ဦးတည်းတွေ့ချိန်မှာတော့ မုန့်ကျွေးမယ်လို့ လိမ်လည်ခေါ်ဆောင်ခဲ့ပြီး မိန်းကလေးရဲ့ ရင်သားနဲ့ မအင်္ဂါကို လက်နဲ့မဖွယ်မရာပြုလုပ်ရာ မိန်းကလေးက ငြင်းဆန်ကာ အမေနဲ့တိုင်မယ်လို့ ပြောတာကြောင့် အသင့်ပါလာတဲ့ ဓားမြှောင်နဲ့ ထိုးသတ်ပြီး အလောင်းကို ရေတွင်းပျက်အတွင်း ပစ်ချခဲ့တယ်လို့ ဝန်ခံထွက်ဆိုထားကြောင်း သိရပါတယ်။

 

“မဒိမ်းမှု မြောက်မမြောက်ကတော့ တရားခံရဲ့အဝတ်အစားတွေကို ဓါတုဗေဒရုံးကို ပေးပို့ အဖြေတောင်းခံထားပါတယ်။ ဥပဒေနဲ့အညီပဲ စစ်ဆေးဆောင်ရွက်သွားမှာပါ။”လို့  ဒုတိယရဲမှူးကြီး ထွန်းရွှေက ပြောပါတယ်။

 

လက်ရှိမှာတော့ တရားခံလို့ စွပ်စွဲခံထားရသူကို ရွှေကျင်နယ်မြေရဲစခန်းမှာ ရာဇသတ်ကြီးပုဒ်မ ၃၀၂/ ၃၇၇ နဲ့ အမှုဖွင့် ဖမ်းဆီးထားပြီး ဆက်လက်စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်သွားမယ်လို့ ဧရာဝတီတိုင်း ရဲတပ်ဖွဲ့မှူးရုံးက သိရပါတယ်။

 

#voiceofmyanmar #ဧရာဝတီ #မြန်အောင် #လူသတ်အလောင်းဖျောက် #သက်ငယ်

 

ဓါတ်ပုံ – ညီညီ

Related posts

Leave a Comment

VOM News

FREE
VIEW