အမေရိကန်-တရုတ် ကုန်သွယ်ရေးစစ်ပွဲ အရှိန်မြင့်နေ၊ အပြန်အလှန်အခွန်တိုးကောက်ဖို့ စီစဉ်နေကြ

ဝါရှင်တန်၊ သြဂုတ်-၂၄-၂၀၁၉

မျိုးဆက်(VOM)

 

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ဟာ တရုတ်ကုန်ပစ္စည်းတွေအပေါ် ထပ်မံအခွန်တိုးမြင့်ကောက်ခံလိုက်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်ရေးစစ်ပွဲ တင်းမာမှုအရှိန် ပိုမိုမြင့်တက်လာပါတယ်။

 

တရုတ်နိုင်ငံက သွင်းကုန်တွေကို နောက်ထပ်အခွန် ငါးရာခိုင်နှုန်းတိုးမြှင့်တာနဲ့ ပတ်သက်ပြီး သမ္မတထရန့်က သြဂုတ် ၂၃ ရက်မှာ ကြေညာလိုက်တာ ဖြစ်ပါတယ်။

 

ဒီကြေညာချက်ကတော့ ဒေါ်လာ  ၇၅ ဘီလီယံတန်ဖိုးရှိ အမေရိကန်ကုန်ပစ္စည်းတွေအပေါ်မှာ အခွန်ကောက်ဖို့ စီစဉ်နေကြောင်း တရုတ်နိင်ငံက ကြေညာပြီး နာရီအနည်းငယ်အကြာမှာ ထရန့်က ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံက အခွန်တိုးကောက်ဖို့ စီစဉ်နေတာဟာ နိုင်ငံရေးလှုံ့ဆော်မှုတစ်ရပ်ဖြစ်တယ်လို့ ထရန့်က ထုတ်ဖော်ပြောဆိုလိုက်ပြီး အမေရိကန်ရဲ့ အကျိုးဖြစ်ထွန်းမှုတွေကို ရယူနေတယ်လို့ တရုတ်နိုင်ငံကို စွပ်စွဲပြောဆိုလိုက်ပါတယ်။

 

တရုတ်နိုင်ငံအနေနဲ့ အမေရိကန်စိုက်ပျိုးရေးပစ္စည်းတွေ၊ လေယာဉ်နဲ့ ရေနံစိမ်းအပါအ၀င် ကုန်ပစ္စည်းအမျိုးပေါင်း ငါးထောင်ကျော်အပေါ် ငါးရာခိုင်နှုန်းကနေ ဆယ်ရာခိုင်နှုန်း အခွန်တိုးမြင့်ကောက်ခံဖို့ စီစဉ်နေပါတယ်။

 

ဒါ့အပြင် အမေရိကန် မော်တော်ကားတွေအပေါ် ၂၅ ရာခိုင်နှုန်းအခွန်ကောက်ဖို့ကိုလည်း အရင်ကဆိုင်းငံ့ထားရာကနေ အခွန်ပြန်ကောက်တော့မှာ ဖြစ်ပါတယ်။

 

တရုတ်နိုင်ငံက အခွန်ကောက်ခံမယ့် အစီအစဉ်ဟာ အမေရိကန်ကုန်ပစ္စည်း ၇၅ ဘီလီယံဖိုးအပေါ် သက်ရောက်မှာဖြစ်ပြီး စက်တင်ဘာ  ၁ ရက်နဲ့  ဒီဇင်ဘာ ၁၅ ရက်တို့မှာ အဆင့်နှစ်ဆင့်နဲ့ လုပ်ဆောင်မှာ ဖြစ်ပါတယ်။

 

အမေရိကန်ကတော့ ဒေါ်လာ ၂၅၀ ဘီလီယံဖိုးရှိ တရုတ်သွင်းကုန်တွေအပေါ် ၂၅ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ အခွန်တိုးမြင့်ကောက်ခံတာကို အောက်တိုဘာ ၁ ရက်မှာ စတင်သွားမှာ ဖြစ်ပါတယ်။

 

Ref : BBC

Photo : AFP

 

#voiceofmyanmar #အမေရိကန် #တရုတ် #ကုန်သွယ်ရေး

Related posts

Leave a Comment

VOM News

FREE
VIEW