ပြည်တွင်းကိစ္စကို နိုင်ငံတကာ ပြသနာဖြစ်အောင် မလုပ်ဖို့လို

နေပြည်တော်၊ သြဂုတ် ၁၄ – ၂၀၁၉

ကိုထွန်း(VOM)

 

ပြည်တွင်းကိစ္စကို နိုင်ငံတကာပြသနာဖြစ်အောင် ဖန်တီးရင် မလိုလားအပ်တဲ့ နောက်ဆက်တွဲပြသနာတွေ ဖြစ်လာတတ်တယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ်စိုးနိုင်ဦးက ပြောပါတယ်။

 

“ကာကွယ်ရေးနဲ့ ပတ်သက်လို့၊ လုံခြုံရေးနဲ့ ပတ်သက်လို့က ပြည်တွင်းကိစ္စကို ပြည်တွင်းမှာပဲ ဖြေရှင်းတာအကောင်းဆုံးပါ။ ဒီပြသနာကို နိုင်ငံတကာ ပြသနာဖြစ်အောင် ဖန်တီးခဲ့ရင် ဒါဟာ ကျနော်တို့နိုင်ငံရဲ့ အချုပ်အခြာအာဏာအပါအဝင် မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြသနာတွေ ဖြစ်လာတတ်ပါတယ်။”လို့ ပြောဆိုခဲ့တာပါ။

 

ပြီးခဲ့တဲ့ သြဂုတ် ၁၅ ရက်ကနေ နောက်ပိုင်း ရှမ်းပြည်နယ်မြောက်ပိုင်းမှာ မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့နဲ့ တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် အဲဒီအပေါ်မှာအခြေခံပြီး သြဂုတ် ၂၃ ရက်က နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ပြုလုပ်တဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

 

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ TNLA(တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်)၊ AA(ရခိုင့်တပ်မတော်)၊ MNDAA မြန်မာအမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော်(ကိုးကန့်အဖွဲ့)နဲ့ တပ်မတော်တို့ တိုက်ပွဲတွေ ဖြစ်ပေါ်နေကြပြီး တင်းမာမှုတွေ ဖြစ်နေတာပါ။

 

တပ်မတော်အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေလုပ်ဖို့ အပစ်ရပ်ပေးထားတဲ့အချိန်မှာ မြောက်ပိုင်းအဖွဲ့တွေဘက်က အခုလိုလုပ်ရပ်ဟာ ပြည်သူအကျိုးကို ဖျက်ဆီးတဲ့ အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်တာလို့ စွပ်စွဲပြီး သူတို့အဖွဲ့တွေရဲ့နောက်မှာ နိုင်ငံတော်အကျိုးကို မလိုလားတဲ့အဖွဲ့အစည်းတွေရှိနေတယ်လို့ ပြောဆိုလိုက်ပါတယ်။

 

တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ထွန်းထွန်းညီက “အခုလက်ရှိသူတို့ လုပ်ဆောင်တဲ့လုပ်ရပ်တွေက ပြည်သူအကျိုးကို ဖျက်စီးတဲ့ အဖျက်အမှောင့် အကြမ်းဖက်လုပ်ရပ်တွေပါ။ သူတို့ ဒီလိုလုပ်ဖို့အတွက် တည်ဆောက်ရတယ်၊ ဖွဲ့စည်းရတယ်၊ တန်ဖိုးတွေမနည်းဘူပေါ့နော်။ သူတို့နောက်မှာ ဘာရှိသလဲဆိုတော့ ကျနော်ပြောချင်တာက ကျနော်တို့ နိုင်ငံအတွက် အကျိုးမလိုလားတဲ့အဖွဲ့အစည်းတွေ ရှိတယ်လို့ပဲ ပြောချင်ပါတယ်။”လို့ ဆိုပါတယ်။

 

လက်ရှိမှာ ဒီမိုကရေစီဖက်ဒရယ်စနစ်ကို သွားနိုင်ဖို့အတွက် စစ်ရေးနည်းလမ်းတွေ မလုပ်ဘဲ နိုင်ငံရေးနည်းလမ်းနဲ့ လာဆွေးနွေးဖို့ တပ်မတော်အနေနဲ့ ဖိတ်ခေါ်ထားတယ်လို့ သိရပါတယ်။ အဲဒီလိုဆောင်ရွက်ထားပေမယ့် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေအနေနဲ့ တပ်မတော်နဲ့ ဆက်တိုက်ချင်ရင်လည်း အသင့်ပဲလို့လည်း ပြောခဲ့ပါတယ်။

 

“အတိုချုပ်တစ်ခုပဲ ပြောပါမယ်။ အဲဒီအဖွဲ့တွေနဲ့ ပတ်သက်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးပွဲကိုလာမှာလား၊ တပ်မတော်က ကြိုဆိုတယ်။ တိုက်ပွဲတွေ ဆက်တိုက်ချင်သလား အသင့်ပဲ။” လို့ ဗိုလ်မှူးချုပ် စိုးနိုင်ဦးက ဆိုပါတယ်။

 

#voiceofmyanmar #တပ်မတော် #နေပြည်တော် #TNLA #AA #MNDAA

Related posts

Leave a Comment

VOM News

FREE
VIEW