ဗောဓိတစ်ထောင်ဆင်စခန်းဟာ ဖွင့်လှစ်တဲ့ တစ်လကျော်အတွင်း တခြားစခန်းတွေထက် ဝင်ငွေအကောင်းဆုံးဖြစ်

မုံရွာ-သြဂုတ်၂၈-၂၀၁၉

ရန်နိုင်စိုး(VOM)

 

 

 

မကြာသေးခင် ဇူလိုင်လ ၁၄ ရက်နေ့က ဖွင့်လှစ်လိုက်တဲ့  မုံရွာမြို့အနီးက ဗောဓိတစ်ထောင် အပမ်းဖြေဆင်စခန်းဟာ တစ်လကျော်အတွင်း မြန်မာပြည်တဝှမ်းမှာရှိတဲ့ ဆင်စခန်း ၂၁ ခုအနက် ဝင်ငွေအကောင်းဆုံးဖြစ်လာတယ်လို့ သိရပါတယ်။

 

တစ်လကျော်အတွင်းမှာ ဆင်စခန်းကို လာရောက်လေ့လာသူ ၇၉၀၀ ကျော်ရှိပြီး ဝင်ငွေကတော့ ၈၅ သိန်းကျော်ရှိတယ်လို့ ဆင်စခန်းရဲ့ လက်ထောက်မန်နေဂျာ ကိုသော်ဇင်အောင်ကပြောပြတာက

 

 

” ကျနော်တို့ ဆင်စခန်းက ဗောဓိတစ်ထောင်ဘုရားနယ်မြေမှာဆိုတော့ ဘုရားဖူးဧည့်သည်တွေ အသွားလာအများဆုံးနေရာတစ်ခုမှာ တည်ရှိတာပါ။ အနယ်နယ်အရပ်ရပ်က ပြည်တွင်းပြည်ပ ဘုရားဖူးဧည့်သည်တွေလာပြီး ဆင်စခန်းကို ဝင်လေ့လာကြတယ်။ ဆင်စာတွေလဲ ဝယ်ယူကျွေးနိုင်အောင် စီစဉ်ထားတယ်။ ဆင်စီးခအနေနဲ့ကတော့ မြန်မာနိုင်ငံသားတစ်ဦးကို ၅ ထောင်နှုန်းနဲ့ တခြားနိုင်ငံခြားသားဆိုရင်တော့ ၁ သောင်းနှုန်းကောက်ခံပါတယ်။ ဆင်လာရောက်စီးသူတွေကိုလဲ ထိုင်တော်မူဆင်းတုတော်ကြီးဘက်အထိပတ်ပေးတယ်။ ဘုရားလည်း ဖူးရတာပေါ့။ ဒီဆင်စခန်းရဲ့ အဓိက ရည်ရွယ်ချက်ကတော့ ဆင်တွေရဲ့ အမူအကျင့်၊ သဘာဝကို သိရှိနားလည်ဖို့ ၊ ဆင်ကို ချစ်မြတ်နိုးဖို့ ၊ ဒေသခံတွေ အလုပ်ကိုင်အခွင့်လမ်း တိုးပွားစေဖို့ ရည်ရွယ်တာပါ။  ဒီတစ်လကျော်အတွင်းကတော့ မြန်မာ့သစ်လုပ်ငန်းက တခြား အပန်းဖြေဆင်စခန်းတွေထက် ဝင်ငွေအကောင်းဆုံး ဖြစ်နေပါတယ် ” လို့ ဆိုပါတယ်။

 

ပြီးခဲ့တဲ့ တစ်လကျော်အတွင်း အပန်းဖြေဆင်စခန်းထဲက ဝင်ငွေ ဒုတိယနေရာ အကောင်းဆုံးကတော့ ပုဂံက ပုလင်းကမ်းသာယာစခန်းဖြစ်ပြီး တတိယဝင်ငွေအကောင်းဆုံးကတော့ နေပြည်တော်က ငလိုက်စခန်းသာ ဆင်စခန်းဖြစ်တယ်လို့ သိရပါတယ်။

 

” ဆင်စခန်းတွေက တစ်ခုနဲ့တခုရည်ရွယ်ချက်ချင်းမတူကြပါဘူး။ သူဟာနဲ့သူ အောင်မြင်ကြတာချည်းပဲ။ ထိန်းသိမ်းမှုရည်ရွယ်ချက်တွေကတော့ တမျိုးစီပေါ့။ အများပြည်သူပန်းဖြေဆင်စခန်းထဲမှာဆိုရင်တော့ ပြီးခဲ့တစ်လကျော်အတွင်းက ဝင်ငွေနဲ့ ဧည့်ဝင်ရောက်မှုပမာဏအရ ဗောဓိဆင်စခန်းက ဝင်ငွေအများဆုံးပဲ ဖြစ်ပါတယ်” လို့  မြန်မာ့သစ်လုပ်ငန်း၊ မုံရွာသစ်ထုတ်လုပ်ရေးဒေသ လက်ထောက်အထွေထွေမန်နေဂျာလုပ်ခဲ့ဖူးသူ ၊ လက်ရှိ ပဲခူးတိုင်း တောင်ငူဆင်သုံးစွဲရေး ခရီးသွားဒေသ တာဝန်ခံ အထွေထွေမန်နေဂျာ ဦးဝင်းမင်းထွန်းက ပြောပါတယ်။

 

ဘုရားဖူးအများပြားလာရောက်လည်ပတ်လေ့ရှိတဲ့ ဗောဓိ ၁၀၀၀ အပန်းဖြေဆင်စခန်းမှာတော့ စနေနဲ့ တနင်္ဂနွေလိုရက်မျိုးတွေမှာ လာရောက်လေ့လာလည်ပတ်သူတွေ အပန်းဖြေကြည့်ရှုနိုင်ဖို့ ဆင်တွေရဲ့ ဖျော်ဖြေမှုကိုလဲ လုပ်ဆောင်သွားဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

 

ဆင်စာအဖြစ် နေဗီယာမြက်စိုက်ခင်းတွေ ၊ ကြံခင်းစိုက်ခင်းတွေနဲ့ ငှက်ပျောစိုက်ခင်းတွေကိုလဲ ၃ ဧကလောက်စိုက်ပျိုးထားပြီး အစာအတွက်ကတော့ အခက်ခဲမရှိကြောင်း သိရပါတယ်။

 

” အစာအတွက်ကတော့ အခက်ခဲမရှိပါဘူး။ စိုက်ခင်းတွေလဲ စိုက်ပျိုးထားပါတယ်။ မနက် ၆ နာရီဆိုရင် ဆင်တွေကို ရေကန်မှာ ရေချိုးပေးရတယ်။ နောက်ပြီး လေ့ကျင့်ခန်းအဖြစ် လမ်းလျှောက်ပေးတယ်။ ဆင်ကျန်းမာရေးအတွက်ဆိုရင်လည်း ဒီမှာ ဆရာဝန်တွေအသင့်ထားပေးထားပါတယ် ” လို့ ဆင်ဦးစီးဖြစ်သူ ဦးမောင်လွင်က ပြောပါတယ်။

 

ဆင်စခန်းလာရောက်လည်ပတ်သူတွေအတွက် အပန်းဖြေနားနိုင်ဖို့ နေရာတွေစီစဉ်ပေးထားပြီး ကလေးများဆော့ကစားနိုင်စေဖို့အတွက်လဲ ကစားစရာနေရာတွေအဖြစ် ဖန်တီးထားပါတယ်။လက်ရှိ ဗောဓိ တစ်ထောင် ဆင်စခန်းမှာ ဆင်ထီး ၃ ကောင်၊ ဆင်မ ၃ ကောင်နဲ့ ဆင်ပေါက်လေး ၁ ကောင် ထားရှိပါတယ်။

 

ဗောဓိ ၁၀၀၀ ရပ်တော်မူဘုရားဟာ တစ်နှစ်ပတ်လုံး နေ့စဉ်ဆိုသလို ပြည်တွင်း ပြည်ပ ဘုရားဖူးဧည့်သည်များဝင်ရောက်လျှက်ရှိပြီး ဆင်စခန်းကတော့ ရပ်တော်မူဘုရားသို့ သွားရာအတက်လမ်းရဲ့ တောင်ဘက်ခြမ်းမှာ တည်ရှိပါတယ်။

 

#voiceofmyanmar #မုံရွာ #ဗောဓိတစ်ထောင်ဆင်စခန်း

 

 

Related posts

Leave a Comment

VOM News

FREE
VIEW