တက္ကစီယာဉ်မောင်းတယောက် တာမွေတံတားအောက်မှာ ဓားထိုးခံရပြီး သေဆုံး

ဧပြီ ၂၅ – ၂၀၂၄
SN (VOM)
ရန်ကုန်တိုင်း၊ တာမွေမြို့နယ်၊ တာမွေကြီး (ခ) ရပ်ကွက်၊ အရှေ့မြင်ပြိုင်ကွင်းလမ်းက တာမွေတံတားအောက်မှာ တက္ကစီယာဉ်မောင်းတယောက် ဓားထိုးခံရပြီး‌ သေဆုံးမှု မနေ့ ဧပြီ ၂၄ ရက်၊ ည ၁၀ နာရီကျော်ဝန်းကျင်က ဖြစ်ပွားခဲ့တယ်လို့ မျက်မြင်တွေ့ရှိသူတွေဆီက သိရပါတယ်။
အဲဒီဖြစ်စဉ်မှာ တက္ကစီယာဉ်မောင်းဟာ ရင်ဘတ်ထိုးသွင်းဒဏ်ရာတချက်နဲ့ သေဆုံးခဲ့တာဖြစ်ပြီး သေဆုံးခဲ့သူဟာ မင်္ဂလာတောင်ညွန့်မြို့နယ်၊ ကန်/မြောက်ရပ်ကွက် မန္တလေလမ်းသွယ် (၃) နေ ဦးလှရွှေ အသက် (၄၈) နှစ် ဖြစ်တယ်လို့ သိရပါတယ်။
“ဒီဖြစ်စဉ်က တက္ကစီက မီးပွိုင့်မိနေတယ်။ အဲဒီအချိန်မှာ လူတယောက်က ရောက်လာပြီး ဓားနဲ့ထိုးတယ်။ ထိုးလိုက်တဲ့အချိန်မှာ သူက ကားကိုဆက်မောင်းတယ်။ ရွှေညောင်ပင်ရှေ့က တုံးပေါ်ကဖြတ်သွားတယ်။ အဲ့လူကလည်း လိုက်ထိုးသေးတယ်။ အဲ့အချိန်သူက ဘက်ဂီယာဆုတ်ပြီး ပြန်ထွက်တဲ့အချိန်မှာ အနောက်ကိုပြန်ရောက်လာပြီး အလယ်ဘလောက်မှာ ရပ်ထားတဲ့ကားတွေကို ဝင်တိုက်ပြီး ကားရပ်သွားတယ်။ ကျွန်တော်တို့ရောက်သွားတဲ့ အချိန်မှာတော့ အသက်မရှိတော့ဘူး” လို့ မျက်မြင်တွေ့ရှိသူက ပြောပါတယ်။
ဒီဖြစ်စဥ်က သေဆုံးသွားသူ တက္ကစီယာဉ်မောင်းထံမှ ဖုန်းနဲ့ ငွေတချို့ လုယက်ခံလိုက်ရတယ်လို့ သတင်းတွေ ထွက်ပေါ်နေမယ့် အဲ့ဒီ့လို လုယက်ခံရတာမျိုး မရှိခဲ့ဘူးလို့ သူက ပြောပါတယ်။
“လုယက်မှုတော့ မဟုတ်ပါဘူး။ ကျွန်တော်တို့ရှိတဲ့အချိန်မှာ သေဆုံးသူရဲ့ မှတ်ပုံတင်နဲ့ ပစ္စည်းတွေကို သူ့မိသားစုဝင်တွေနဲ့ ရဲနဲ့ စစ်ပြီး သိမ်းလိုက်တာပါ” လို့ သူက ပြောပါတယ်။
အခင်းဖြစ်ပွားရာ နေရာကို မိသားစုဝင်တွေ ရောက်ရှိလာပြီး ဒီဖြစ်စဥ်နဲ့ ပတ်သက်လို့ တာမွေရဲစခန်းမှာ တိုင်ချက်ဖွင့်ထားတယ်လို့ သိရပါတယ်။
သေဆုံးသူရဲ့ ရုပ်အလောင်းကိုတော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ စစ်ဆေးပြီးနောက် သင်္ဃန်းကျွန်းမြို့နယ်၊ စံပြဆေးရုံရေခဲတိုက်ကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။
ရန်ကုန်မြို့မှာ တက္ကစီယာဉ်မောင်း အသတ်ခံရမှုတွေ၊ ဓားထိုးခံရမှု၊ လုယက်ခံရမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေပြီး ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၁၁ ရက်၊ ည ၁၂ နာရီဝန်းကျင်ကလည်း တာမွေမြို့နယ်မှာ တက္ကစီယာဉ်မောင်းကို ဓားနဲ့ထိုးပြီး ကားလုယက်မှု ဖြစ်စဉ်တခု ဖြစ်ပွားခဲ့ပါသေးတယ်။
ဓာတ်ပုံ – မြန်မာမွတ်စလင်မ်ပရဟိတအဖွဲ့

Related posts

Leave a Comment

VOM News

FREE
VIEW