ဓါးပြဆန်ဆန်ကောက်ခံနေတဲ့ မီတာခအလိုမရှိဆိုပြီး ဆန္ဒထုတ်ဖေါ်

ပဲခူး၊ သြဂုတ်​ ၂၈ – ၂၀၁၉

မိုးယံ(VOM)

 

ပဲခူးတိုင်း ပဲခူးမြို့နယ်​မှာ မ​နေ့ သြဂုတ် ၂၇ ရက် ည ၇ နာရီကျော်က ဓါးပြဆန်ဆန်ကောက်ခံနေတဲ့ မီတာခများအလိုမရှိစာသားပါ ဗီနိုင်းကိုင်ဆောင်ပြီး တစ်ကိုယ်တော်လမ်းလျှောက် ဆန္ဒထုတ်ဖေါ်ခဲ့ပါတယ်။

 

ပဲခူးတိုင်းအတွင်းရှိ ပဲခူးမြို့၊ အင်းတကော်မြို့၊ ဘုရားလေးမြို့၊ ဘုရားကြီးမြို့တို့ကို အစိုးရလျှပ်စစ်ဌာနကနေ ရွှေစွမ်းအင်ကုမ္မဏီကို ၂၀၁၅ ခုနှစ်ကတည်းက တင်ဒါပေးခဲ့တာဖြစ်ပြီး အဲဒီကုမ္ပဏီအနေနဲ့ စာချုပ်ပါနှုန်းထားထက် တိုးကောက်နေတာတွေကို ကျေနပ်မှုမရှိလို့ ဆန္ဒထုတ်ဖော်တာလို့ သိရပါတယ်။

 

“မီတာကိုကျသင့်တာထက် ပိုကောက်နေတဲ့ ရွှေစွမ်းအင်ကုမ္မဏီကို မကျေနပ်ဘူး။ ကျနော်ဆန္ဒပြတာ နိုင်ငံတော် အစိုးရကိုပြတာမဟုတ်ဘူး။ ရွှေစွမ်းအင်ကုမ္ပဏီကို ဆန္ဒပြတာပါ။ ပဲခူးကရဲစခန်းတစ်ခုမှာ မီတာခ ငါးသိန်းဆောင်ရတယ်။ စာသင်ကျောင်းတွေမှာလည်း ကျောင်းသားမိဘ ဆရာဆရာမတွေပေါင်းပြီး မီတာခဆောင်ရတယ်။ သာသနာပြုတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာလည်း မနိုင်ဝန်ထမ်းနေရတယ်။ နိုင်ငံတော်ကကောက်တာထက် ရွှေစွမ်းအင်ကုမ္ပဏီက ပိုကောက်နေတဲ့အတွက် ပြည်သူတွေကို မထိခိုက်စေချင်လို့ အခုလိုဆန္ဒဖော်ထုတ်ရတာပါ။”လို့ တစ်ကိုယ်တော်ဆန္ဒဖေါ်ထုတ်ခဲ့တဲ့ ကိုလေးနိုင်က ပြောပါတယ်။

 

ဒါ့အပြင် ရွှေစွမ်းအင် ကုမ္ပဏီအနေနဲ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးခြင်းလုပ်ငန်းအတွက် အစိုးရဝန်ထမ်းတွေကို အသုံးပြု ခိုင်းစေနေတာ၊ ကိုယ်ပိုင်ရုံးခန်းမဟုတ်ဘဲ အစိုးရ တိုင်းလျှပ်စစ်ရုံးခန်းကိုအသုံးပြုနေတာ၊ မီတာခကို စာချုပ်ပါနှုန်းထားထက် ပိုကောက်တာ၊ တင်ဒါခေါ်ယူရာမှာလည်း ယှဉ်ပြိုင်သူမရှိဘဲ တစ်ဦးတည်းပေးခဲ့တာတွေကို ပဲခူးတိုင်းအစိုးရအဖွဲ့က ဖြေရှင်းပေးဖို့ လိုတယ်လို့ ဝန်းရံသူအချို့နဲ့ ဆန္ဒထုတ်ဖေါ်ခဲ့သူက ဆိုပါတယ်။

 

“ယခင်က မီတာယူနစ်တွေ ချန်ထားပြီးဈေးတက်မှ ပေါင်းကောက်တယ်။ မီတာဈေးတက်တော့ တစ်ယူနစ်ကို လေးဆယ်ကျပ်ပိုတယ်။ ပဲခူးတစ်မြို့တည်းတင် ယူနစ် သိန်း၁၈၀ ရှိတယ်။ ဒါတွေကို နိုင်ငံတော်ကရတာမဟုတ်ဘဲ ရွှေစွမ်းအင်ကုမ္ပဏီကပဲရနေတာဖြစ်လို့ ပြည်သူတွေအတွက် အများကြီးနစ်နာနေလို့ အခုလို ဝန်းရံဆန္ဒဖေါ်ထုတ်ရတာပါ။”လို့ ဝန်းရံသူ ကိုလင်းနေက ပြောပါတယ်။

 

ရွှေစွမ်းအင်​ကုမ္မဏီ တင်​ဒါပေးတာနဲ့ ပတ်​သက်​ပြီး သက်​ဆိုင်​ရာ တိုင်း​ဒေသကြီး လွှတ်​​တော်​ ကိုယ်​စားလှယ်​ဦးညွှန့်​​ရွှေကို​ မေးမြန်းရာမှာ “ယခုအချိန်​ထိ သိရှိထားခြင်းမရှိပါဘူး။ မကြာမီတော့ သိရှိဖို့​ဆောင်​ရွက်​သွားမှာပါ။”လို​ဖြေကြားခဲ့ပါတယ်​။

 

ဓါးပြဆန်​ဆန်​​ကောက်​ခံ​နေ​သော မီတာခများအလိုမရှိ​ရေးနှင့်​ တိုင်း​ဒေသကြီး ဝန်​ကြီးချုပ်​နှင့်​ လျှပ်​စစ်​ဝန်​ကြီး တို့မှ အများပြည်​သူမျက်​နှာကို ကြည့်​ပြီးအမြန်​ဆုံး​ဖြေရှင်း​ပေး​ရေး စာသားပါ ဗီနိုင်းကို ကိုင်​​ဆောင်​ပြီး ပဲခူးမြို့ မဇင်းမီးပွိုင့်​ကနေ ဗိုလ်​ချုပ်​​ကြေးရုပ်​အထိ ချီတက်​လမ်း​လျှောက်​ ဆန္ဒထုတ်​​ဖေါ်ခဲ့ရာမှာ ပြည်သူအများအပြားကလည်း ဖယောင်းတိုင် မီးထွန်းပြီး ဝန်းရံခဲ့ကြပါတယ်။

 

#voiceofmyanmar  #ပဲခူး #ဆန္ဒပြ #မီတာခ

Related posts

Leave a Comment

VOM News

FREE
VIEW