တပ်မတော်မှ အပစ်ခတ်ရပ်စဲရေးသက်တမ်း ထပ်တိုး

သြဂုတ် ၃၁၊ ၂၀၁၉

VOM

 

ကျိုင်းတုံမြို့မှာ ဒီနေ့လုပ်တဲ့ အပစ်ခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအပြီးမှာ တပ်မတော်အနေနဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ ထပ်မံရပ်ဆိုင်းဖို့ သက်တမ်းတိုးလိုက်ပါတယ်။

 

လာမယ့် စက်တင်ဘာ ၂၁ ရက်နေ့အထိ၊ စစ်တိုင်း ၅ ခုမှာ လုပ်နေတဲ့ စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေ အားလုံးကို ရပ်ဆိုင်းဖို့ ရက်တိုးမြှင့်သတ်မှတ်လိုက်တယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက ထုတ်ပြန်ပါတယ်။

 

“အဓိကကတော့ ဒေသခံတိုင်းရင်းသားတွေရဲ့ ငြိမ်းချမ်းရေးအပေါ်ထားတဲ့ မျှော်လင့်ချက်တွေအတွက်ရယ်၊ အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေး ဗဟိုဌာန (NRPC) ရဲ့ ဆောင်ရွက်နေတဲ့လက်ရှိ အခြေအနေများကို ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် ဖြစ်ပါတယ်။ စစ်တိုင်း ၅ ခုမှာပါ။ အရင်ကလည်း ရပ်ဆိုင်းထားပေးတာကို ရက်ထပ်တိုး သတ်မှတ်လိုက်တာပါ။” လို့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက VOM ကို ပြောပါတယ်။

 

တပ်မတော်အနေနဲ့ စစ်တိုင်း ၅ ခု ဖြစ်တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေ၊ အရှေ့အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နယ်မြေ၊ တြိဂံတိုင်း စစ်ဌာနချုပ် နယ်မြေတွေမှာ စစ်ရေးလှုပ်ရှားမှုတွေ ရပ်ဆိုင်းဖို့ သတ်မှတ်ထားတာဟာ ဒီနေ့ သြဂုတ် ၃၁ ရက်နေ့မှ ပြည့်ပြီးသွားပြီ ဖြစ်ပါတယ်။

 

ဒီနေ့မှာပဲ ရှမ်းပြည်နယ် ကျိုင်းတုံမြို့မှာ မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြပြီးတဲ့နောက် အပစ်ခတ်ရပ်စဲရေးနဲ့ စစ်ရေးဆိုင်ရာလှုပ်ရှားမှုတွေရပ်ဆိုင်းရေး သက်တမ်းကို အခုလို ထပ်မံတိုးမြှင့်ခဲ့တာပါ။

 

ဒီလို စစ်ရေးဆိုင်ရာ လှုပ်ရှားမှုတွေကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကနေ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၃၀ ရက်နေ့အထိ တကြိမ်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁ ရက်နေ့ကနေ ဇွန်လ ၃၀ ရက်နေ့အထိ တကြိမ်၊ ၂၀၁၉ ဇူလိုင် ၁ ရက်နေ့ကနေ သြဂုတ်လ ၃၁ ရက်နေ့အထိ တကြိမ် ရပ်ဆိုင်းခဲ့ဖူးပါတယ်။

 

#VoiceOfMyanmar #ceasefire #စစ်ရေးဆိုင်ရာလှုပ်ရှားမှုရပ်ဆိုင်းရေးရက်တိုး #အပစ်ခတ်ရပ်စဲရေး #အပစ်ခတ်ရပ်ဆိုင်းရေး

 

Related posts

Leave a Comment

VOM News

FREE
VIEW