ကျောက်တော်ပစ်ခတ်မှုမှာ အရပ်သား ၆ ဦးဒဏ်ရာရပြီး တစ်ဦးသေဆုံး

ကျောက်တော်၊ စက်တင်ဘာ ၁၅-၂၀၁၉

ခိုင်လင်းစံ (VOM)

 

 

ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့နယ်အတွင်းမှာ စက်တင်ဘာလ ၁၅ ရက်နေ့ ည ၁ နာရီခန့်အချိန်မှာ ပစ်ခတ်မှုတွေဖြစ်ပွား ခဲ့တဲ့အတွက် ကျေးရွာသုံးရွာက အရပ်သား ၆ ဦးဒဏ်ရာရရှိပြီး တစ်ဦးသေဆုံးသွားခဲ့ပါတယ်။

 

အဲ့ဒီပစ်ခတ်မှုဟာ ကုလားတန်မြစ်အတွင်းသွားလာနေတဲ့ အစိုးရတပ်မတော်ရေယာဉ် ရေတပ်သင်္ဘောက ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျေးရွာ ၅ ရွာလောက်မှာ လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။

 

 

နေဗီသင်္ဘောက ပစ်ခတ်လိုက်တဲ့လက်နက်ကြီးကျည်ဟာ စမ္ပါယ်လှရွာ၊ သင်္ဂနက်ရွာနဲ့ ကန်သုံးဆင့်ရွာတွေက ကျေးရွာသား ၇ ဦးတို့ဟာ ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ကန်သုံးဆင့်က ဒဏ်ရာရရှိသူ အသက် ၇၀ အရွယ် ဦးနီထွန်းဟာ သွေးထွက်လွန်ပြီး သေဆုံးသွားခဲ့တာဖြစ်ပါတယ်။

 

“ညတုန်းကဖြစ်တာနဲ့ ရွာသားတွေထိခိုက်ခဲ့တယ်။ ညတွင်းချင်းသွာယူရတာက သင်္ဂနက်က လူနာနှစ်ဦးရှိတယ်။ ဒီမနက်ပိုင်းမှာ စမ္ပါယ်လှရွာက နှစ်ဦးပါ။ ကန်သုံးဆင့်က အဘိုးကြီးကတော့ ကျွန်တော်တို့သွားယူတဲ့အချိန်မှာ အသက်မရှိတော့ဘူး။ သွေးထွက်လွန်ပြီးတော့ ဆုံးသွားတာဖြစ်ပါတယ်။”လို့ ဖြူစင်မေတ္တာ ပရဟိတအသင်းဥက္ကဌ ဦးညီပုက ပြောပါတယ်။

 

သေဆုံးသူမှာ ကန်သုံးရွာက ဦးနီထွန်း အသက် ၇၀ ကျော်ဖြစ်ပြီး ဒဏ်ရာအပြင်းအထန် ရရှိသူတွေကတော့ စမ္ပါယ်လှရွာက ဒေါ်ပုလဲစိန် အသက် ၄၈ နှစ် ဦးစံလှကျော် အသက် ၄၆ နှစ်နဲ့ သင်္ဂနက်ကျေးရွာက ဦးရွှေထွန်းသိန်း အသက် ၃၄ နှစ်၊ ဒေါ်ခင်ညိုမာ ၃၂ နှစ် လင်မယားနှစ်ယောက်တို့ဖြစ်ကြပါတယ်။

 

 

ဒဏ်ရာရရှိသူ စုစုပေါင်း ၇ ယောက်ဖြစ်ပြီး စမ္ပါယ်လှရွာသားတစ်ယောက်နဲ့ သင်္ဂနက်ရွာသားတစ်ယောက်တို့မှာ ဒဏ်ရာ မပြင်းထန်တဲ့အတွက် ကျေးရွာမှာပဲ ဆေးကုသမှုတွေပြုလုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

 

 

“မနေ့ကညတုန်းက အပေါက်ဝရွာဘက်ကနေ နေဗီတက်လာတယ်။ စမ္ပါယ်လှရွာနားကိုရောက်တာနဲ့ လက်နက်ကြီးနဲ့ ပစ်တယ်။ တစ်ရွာလုံးက အိမ်နေတဲ့အချိန် အိမ်အောက်ကိုဆင်းပြေးပြီးတော့ မှောက်နေကြရတယ်။ ကျွန်မအစ်မတို့လင်မယားက အောက်ကိုမရောက်လိုက်ဘူး။ အိမ်ပေါ်မှာပဲ ကျည်ထိသွားတယ်။”လို့ ဒေါ်ခင်ညိုမာရဲ့ ညီမဖြစ်သူ မခိုင်ခိုင်ရီကပြောပါတယ်။

 

 

တပ်မတ်ာဘက်က နယ်မြေလုံးခြုံရေးဆောင်ရွက်နေတဲ့ တပ်စခန်းတစ်ခုကို AA ဘက်က ညအချိန် ဝင်ရောက်တိုက်ခိုက်ခဲ့ တဲ့အတွက် ကျည်လာရာဘက်ကို ပစ်ခတ်ခဲ့ရတာဖြစ်တယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးက တုံ့ပြန်ပြောဆိုပါတယ်။

 

“ကျွန်တော်တို့တပ်စခန်းတစ်ခုက အဲ့ဒီနားမှာရှိတယ်။ အဲ့ဒီစခန်းကို ညတုန်းက အလစ်ဝင်ပစ်ခဲ့တယ်။ အဲ့ဒီအတွက် ပြန်ပြီးတော့ ပစ်ခတ်ခဲ့တာဖြစ်ပါတယ်။ ရွာတွေကလည်း ကုလားတန်မြစ်ကမ်းနံဘေးမှာရှိနေတာဆိုတော့ AA ဘက်က ရွာနားတွေကပစ်တော့ ကျွန်တော်တို့လည်း ကျည်လာတဲ့ဘက်ကို ပြန်ပစ်ခဲ့တာပါ။”လို့ ဗိုလ်မှူးကြီး ဝင်းဇော်ဦးက ပြောပါတယ်။

 

ဒဏ်ရာအပြင်းအထန်ရရှိပြီး ကျောက်တော်ဆေးရုံကို ပို့ဆောင်ထားရသူ ၄ ဦးအနက် သင်္ဂနက်ရွာက ဦးရွှေထွန်းသိန်းနဲ့ ဒေါ်ခင်ညိုမာတို့ လင်မယားနှစ်ယောက်ကိုတော့ ဒါဏ်ရာစိုးရိမ်ရတဲ့အတွက် စစ်တွေဆေးရုံကို ပို့ဆောင်ပေးခဲ့ရာ စက်တင်ဘာ ၁၅ ရက်နေ့ နေ့လည် ၁၂ နာရီခန့်မှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။

 

#voiceofmyanmar #ကျောက်တော် #ရခိုင်ပြည်နယ်

 

Related posts

Leave a Comment

VOM News

FREE
VIEW