မူးယစ်ဆေးဝါးနဲ့ ဒုစရိုက်နယ်မြေဖြစ်နေသည့် အင်းလေးဟိုတယ်ဇုံကို လက်တွေ့အသုံးချနိုင်ဖို့ လွှတ်တော်မှာ ကြယ်ပွင့်ပြမေးမြန်း

 

နေပြည်တော်၊စက်တင်ဘာ၁၉ -၂၀၁၉

ဒီပ(နေပြည်တော်)

 

 

ယခင်အစိုးရလက်ထက်မှာ ကြိုးဝိုင်းတောမြေကနေ ဟိုတယ်ဇုံမြေအဖြစ် ခွင့်ပြုပေးခဲ့တဲ့  တောင်ကြီးခရိုင် ညောင်ရွှေမြို့ အင်းလေးကန်အနီး ဆောက်လုပ်ဆဲ ဟိုတယ်ဇုံမှာ မူးယစ်ဆေး ရောင်းဝယ်ဖောက်ကားမှုနဲ့ ဒုစရိုက်နယ်မြေ ဖြစ်နေတဲ့အတွက် ရေရှည်မှာ လက်တွေ့အသုံးချနိုင်ဖို့ကို ညောင်ရွှေ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးနေမျိုးက ဒီကနေ့ ပြုလုပ်ခဲ့တဲ့ ပြည်သူ့လွှတ်တော် အစည်းအဝေးမှာ ကြယ်ပွင့်ပြမေးခွန်း မေးမြန်းခဲ့ပါတယ်။

 

“ခြံစည်းရိုးဖြုတ်ယူ သံဇကာတွေကိုလည်း ဖြုတ်ယူသွားကြပြီးတော့ အဲ့ဒီနေရာကြီးဟာ ဒုစရိုက်နယ်မြေဖြစ်ပြီး မူးယစ်ဆေးဝါးတွေ ရောင်းတဲ့နေရာ ဖြန့်တဲ့နေရာ ပိုက်ဆံလိုရင် ရှိတဲ့ပစ္စည်းတွေ ဖြုတ်ယူတဲ့နေရာကြီး ဖြစ်တဲ့အတွက်ကြောင့် ဒါကို ဘယ်လိုဖြေရှင်းမလဲ အစိုးရနဲ့တွဲပြီးတော့ လက်တွေ့အသုံးချနိုင်ဖို့ ရှေ့ဆက်မယ့်လုပ်ငန်းစဉ် ဘယ်လိုစီစဉ်ထားသလဲ သိချင်ပါတယ်”လို့ ဦးနေမျိုးက မေးမြန်းခဲ့ပါတယ်။

 

၂၀၁၂ခုနှစ် မေလမှာတော့ နိုင်ငံတော်သမ္မရုံးရဲ့ ခွင့်ပြုချက်နဲ့အတူ အင်ကြင်းကုန်းကျေးရွာနဲ့ ချောင်းပါးကျေးရွာအကြား အင်းလေးကန်ရဲ့အရှေ့ဘက် မြေဧရိယာ(၆၂၂)ဧကကို သစ်တောရေးရာ ၀န်ကြီးဌာနကတဆင့် ဟိုတယ်ဇုံ တည်ဆောက်ဖို့ ခွင့်ပြုပေးခဲ့တယ်လို့ သိရပါတယ်။

 

 

“တာဝန်ရှိသူတွေက အဲ့ဒီတုန်းက အချက်(၃)ချက်ပဲ အလုပ်လုပ်ခဲ့ပါတယ် မြေတွေကိုသိမ်းဆည်း အကွက်ရိုက်ပြီးတော့ လုပ်ငန်းရှင်တွေကို ရောင်းစားလိုက်ပါတယ် တစ်ခါ ရရှိတဲ့ငွေနဲ့ ဒေသခံရွာသူရွာသားများအတွက် မြေနေရာလျော်ကြေးလောက်ပဲ ပေးခဲ့ပါတယ် တစ်ချို့တွေကတော့ ပိုင်ရာဆိုင်ရာနဲ့ပေါင်းပြီး အများကြီးရသွားပါတယ်”လို့ လွှတ်တော်ကိုယ်စားလှယ်က ထောက်ပြခဲ့ပါတယ်။

 

ဟိုတယ်ဇုံတည်ဆောက်ရေး လုပ်ငန်းများနဲ့ပတ်သက်ပြီး ၂၀၁၈ခုနှစ် မတ်လမှာတော့ ဒုတိယသမ္မတက ပြည်နယ်အစိုးရ၊ ဒေသခံပြည်သူနဲ့ တည်ဆောက်ရေး ကော်မတီများနဲ့ သုံးပွင့်ဆိုင်ဆွေးနွေးပြီး ဆောင်ရွက်ရန် မှာကြားခဲ့ပေမယ့် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာမှာ သီးနှံကြေးနဲ့ ဂရုဏာကြေးမယူခဲ့သူ ရှိနေတဲ့အပြင် ဒေသခံတွေက ကန့်ကွက်မှုရှိနေကြောင်း ပြည်ထောင်စုဝန်ကြီး ဦးအုန်းမောင်က လွှတ်တော်မှာ ပြောပါတယ်။

 

“ဟိုတယ်ဇုံ စတင် အကောင်အထည်ဖော်ဆောင်သည့် မြေယာချထားမှုဆိုင်ရာ စည်းကမ်းချက်များတွင် မြေယာချထားပြီး (၆)လအတွင်း အကောင်အထည်ဖော်ရန် ပါရှိပြီး ဟိုတယ်လုပ်ငန်းရှင်(၃)ဦးသာ ဆောက်လုပ်ပြီး ကျန်လုပ်ငန်းရှင်များ လိုက်နာအကောင်အထည်ဖော်မှု အားနည်းနေကြောင်း တွေ့ရှိရပါတယ်”လို့ ဟိုတယ်နှင့်ခရီးသွားလာရေး ပြည်ထောင်စုဝန်ကြီးက ပြောပါတယ်။

 

 

ပြည်ထောင်စုဝန်ကြီးက ရှမ်းပြည်နယ်အစိုးရရဲ့ ဖြေကြားမှုနဲ့အတူ အင်းလေးဟိုတယ်ဇုံ ဆက်လက် ဆောင်ရွက်မယ့် အစီအမံတွေကို  ပြည်ထောင်စု အစိုးရရဲ့ သဘောထားရယူပြီး လမ်းညွှန်မှုအတိုင်း ဆောင်ရွက်သွားမယ်လို့ ပြောကြားခဲ့ပါတယ်။

 

#voiceofmyanmar #အင်းလေးဟိုတယ်ဇုံ #မူးယစ်ဆေးဝါး #ဟိုတယ်ခရီး

 

Related posts

Leave a Comment

VOM News

FREE
VIEW