အောက်တိုဘာ၂၈-၂၀၂၀
ဂျန်ကိုးလ် (VOM)
မကွေးမြို့မှာ ပြည်ခိုင်ဖြိုးပါတီနဲ့ NLDပါတီ ၀န်းရံသူတွေက ဒီကနေ့နေ့လယ်ပိုင်း အင်အားပြလှည့်လည်နေချိန် ပြဿနာမဖြစ်ဖို့အတွက် မကွေးတိုင်းဝန်ကြီးချုပ်ကိုယ်တိုင်လာရောက်ခဲ့တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
ရေနံချောင်းမြို့ကနေ ဧရာဝတီမြစ်အတိုင်း စုန်ဆင်းလာကြတဲ့NLDဝန်းရံသူတွေနဲ့ မကွေးမြို့ပေါ်မှာလှည့်လည်နေကြတဲ့ USDPပါတီထောက်ခံသူတွေ ထိပ်တိုက်တွေ့ဆုံပြီး ပြဿနာဖြစ်မှာကိုဒေသခံတွေစိုးရိမ်နေချိန် မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုနဲ့ မကွေးတိုင်းရဲတပ်ဖွဲ့မှူးတို့က အချိန်မှီလာရောက်ဖြေရှင်းပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
“ ကြံ့ခိုင်ရေးက ဒီမှာသူတို့လှည့်လည်ပြီးတော့စည်းရုံးအင်အားပြတယ်၊ ရေနံချောင်းကလည်း NLDဝန်းရံသူတွေကလည်း စက်လှေတွေနဲ့လာပြီးထောက်ခံအားပေးတယ်၊ အဲ့ဒီ၂ဖွဲ့ကြားမှာပြဿနာမဖြစ်အောင်ထိန်းရတာပါ၊ အေးအေးဆေးဆေး ထိန်းနိုင်တဲ့အတွက်ပြဿနာတစ်စုံတစ်ရာမဖြစ်တာကြောင့် ဝမ်းသာပါတယ်၊ ၂ဖက်လုံးက နင်းကန်တက်ကြွနေကြပြီးစိတ်ကလှုပ်ရှားနေကြတော့ တစုံတခုဖြစ်သွားရင်မကောင်းဘူး၊ အဲ့ဒါကြောင့်မလို့ လာတားလိုက်တယ်၊ တားနိုင်လိုက်တော့ ပြဿနာမဖြစ်ပါဘူး၊ တိုင်းရဲမင်းကြီးလည်း ကျေးဇူးတင်ပါတယ်သူပြောလို့သိရတာ” လို့ မကွေးတိုင်းဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက လာရောက်ဖြေရှင်းချိန် ပြောဆိုခဲ့တာဖြစ်ပါတယ်။
ရေနံချောင်းကလာတဲ့ စက်လှေအဖွဲ့နဲ့ မြို့ပေါ်မှာလှည့်လည်နေတဲ့ ၀န်းရံနေသူတို့ ကမ်းနားလမ်းမှာ စတင်ဆုံတွေ့ကြတာဖြစ်ပြီး လူအင်အားများပြားလွန်းတဲ့အတွက် ရဲတပ်ဖွဲ့ရဲ့အကူအညီနဲ့လမ်းကြောင်းလွှဲကာ ဝန်ကြီးချုပ်က တားမြစ်ခဲ့တာဖြစ်တယ်လို့ ဒေသခံတွေပြောပြချက်အရ သိရပါတယ်။
မကွေးတိုင်းမှာ ၂၀၁၅ခုနှစ်ရွေးကောက်ပွဲတုန်းက NLDပါတီဟာ မဲအများဆုံးနဲ့ ယှဥ်ပြိုင်နိုင်ခဲ့တာဖြစ်ပါတယ်။